ထပ်မံပစ်လွှတ် (ရုပ်သံ)

July 29, 2017

မြောက်ကိုရီးယားက ဂျပန်ပင်လယ်ထဲ ပဲ့ထိန်းဒုံးကျည် ထပ်မံပစ်လွှတ် (ရုပ်သံ)

မြောက်ကိုရီးယား အစိုးရက ဒုတိယမြောက် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ICBM ကို ဇူလိုင် ၂၈ ရက်နေ့က ပစ်လွှတ်စမ်းသပ်ခဲ့တယ်လို့ အတည်ပြုပြောဆိုလိုက်ပါတယ်။ ဂျပန်ပင်လယ်ပြင်ထဲ ပစ်လွှတ်ခဲ့တဲ့ ဒီဒုံးကျည်ဟာ အမေရိကန်အတွက် ပြင်းထန်တဲ့ သတိပေးချက်ပဲလို့လည်း ပြောပါတယ်။ “ဒီဒုံးကျည်ဟာ အမြင့်ဆုံး အကွာအဝေးအတွက် ပစ်မှတ်ထား တီထွင်ထားတယ်၊ ၄၇မိနစ် ၁၂ စက္ကန့်ကြာ ပျံသန်းခဲ့တယ်၊ အမြင့်ဆုံးအနေနဲ့ ၃၇၂၄.၉ ကီလိုမီတာ အကွာအဝေးကို ရောက်ခဲ့တယ်” လို့ မြောက်ကိုရီးယားက ပြောပါတယ်။ စမ်းသပ်ချိန်မှာ ဒုံးကျည်ဟာ ၉၉၈ ကီလိုမီတာ ပျံသန်းခဲ့ပြီး ပြန်ကျဖို့ သတ်မှတ်ထားတဲ့ နေရာကို ပြန်ကျနိုင်ခဲ့တယ်ဆိုတာ ထပ်လောင်းအတည်ပြုနိုင်ခဲ့တာကြောင့် အောင်မြင်ခဲ့တယ်လို့လည်း ပြောပါတယ်။ မြောက်ကိုရီးယားက ပစ်လွှတ်စမ်းသပ်ခဲ့တဲ့ ဒီဒုံးကျည်ဟာ ဂျပန်ပင်လယ်ရဲ့ စီးပွားရေးဇုန်ထဲ ကျရောက်ခဲ့တယ်လို့ အမေရိကန်နိုင်ငံ ပင်တဂွန် စစ်ဌာနချုပ်ပြောခွင့်ရ ဂျက်ဖ် ဒေးဗစ်စ်က ပြောပါတယ်။ “မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက ဒီလိုစမ်းသပ်ဖို့ အမိန့်ပေးခဲ့တယ်၊ မြောက်ကိုရီးယားရဲ့ လက်နက်အစီအစဉ်ဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ပိုင်ဆိုင်မှုဖြစ်ပြီး ပြန်ပြီး နောက်ဆုတ်ဖို့လည်း မဖြစ်နိုင်သလို အစားထိုးလို့လည်း မရကြောင်း ကင်မ်ဂျုံအန်းက ပြောတယ်” လို့ မြောက်ကိုရီးယား မီဒီယာကို ကိုးကားပြီး နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြထာါးပတယ်။ ဒီဒုံးကျည်နဲ့ တိုက်ခိုက်နိုင်မှု အလားအလာထဲမှာ အမေရိကန်မြို့ကြီးတွေ ပါနေတယ်၊ မြောက်ကိုရီးယားကနေ ပစ်ခတ်ရင် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ကို ရောက်နိုင်တယ်လို့ ပညာရှင်တွေကို ကိုးကားပြီး သည်ဂါးဒီးယန်း သတင်းဌာနက ဆိုပါတယ်။ ရုပ်သံ - မေရာ
4 years Ago
Up