ထန်းပင်ကုန်းရွာ

October 27, 2022

ထီးလင်းမြို့နယ် ထန်းပင်ကုန်းရွာကို စစ်ကောင်စီတပ် မီးရှို့

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ထန်းပင်ကုန်းရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၇ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာသားတွေရဲ့နေအိမ်တွေကို  မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းမှာပါဝင်တဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ ဂန့်ဂေါမြို့ ခလရ ၅၀ ကဖြစ်ပြီး   ထန်းပင်ကုန်းကျေးရွာက ဒေသခံနေအိမ် ၁၀ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံရတယ်လို့ ဆိုပါတယ်။

ထီးလင်းဒေသခံတယောက်က “ဒီနေ့မနက်ပိုင်း ၇ နာရီခွဲဝန်းကျင်မှာ မီးရှို့‌‌နေတာ။ ဒေသခံတွေကတော့ ဘေးလွတ်ရာ ဒေသတွေကို ပြေးနေကြရတယ်။ တိုက်ပွဲတွေလည်း ဖြစ်နေတယ်။ တိုက်ပွဲကလည်း ပြင်းထန်နေတယ်” လို့ ဒီ‌ဗွီဘီကို ပြောပါတယ်။

အဆိုပါ ထန်းပင်ကုန်းကျေးရွာမှာ ဒေသခံလူနေအိမ် ၁၂၀ ဝန်းကျင်ရှိပြီး လူဦးရေ ၅၀၀ ဝန်းကျင် နေထိုင်ကြပါတယ်။

အောက်တိုဘာ ၂၆ ရက်ကလည်း ထီးလင်းမြို့နယ် အိုင်းမရွာက ဒေသခံနေအိမ် ၆ လုံးနဲ့ ချောင်းပေါက်လမ်းခွဲက ဆိုင်ခန်း ၂ ခန်းကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ထီးလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံနေအိမ် ၇၀ ဝန်းကျင် မီးလောင်ဆုံးရှုံးထားပြီး ထီးလင်းမြို့နယ်ကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာ ၁ နှစ်ကျော် ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။

5 months Ago

December 18, 2021

မင်းလှမြို့နယ် ထန်းပင်ကုန်းရွာတွင် နေအိမ် ၁၂ လုံးမီးလောင်

ပဲခူးတိုင်းအနောက်ပိုင်း၊ မင်းလှမြို့နယ်၊ ထန်းပင်ကုန်း (တောင်ပိုင်း) ကျေးရွာမှာ ဒီဇင်ဘာ ၁၇ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ် ၁၂ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မင်းလှမီးသတ်စခန်းက မီးသတ်ယာဉ်တွေနဲ့ မီးသတ်ရဲဘော်တွေ မီးသတ်ခဲ့ရပါတယ်။ နေအိမ် ၁၂ လုံး မီးလောင်ပျက်စီးသွားပြီး ဆုံးရှုံးမှုတန်ဖိုးကိုတော့ မတွက်ရသေးဘူး။ မီးစလောင်တဲ့အိမ်က မိဘတွေမရှိတဲ့အချိန် အိမ်မှာကျန်ခဲ့တဲ့ ကလေးတွေ မီးမွှေးရင်း လောင်တာလို့ ကနဦးသတင်း ရထားပါတယ်” လို့ မင်းလှမြို့နယ်မီးသတ်စခန်းတာဝန်ရှိသူက ဖြေကြားထားပါတယ်။

မီးလောင်ကျွမ်းခံရတဲ့ နေအိမ်တွေက ပြည်သူတွေကို အခြေခံအသုံးအဆောင်တွေဖြစ်တဲ့ ဆန်၊ ဆီ နဲ့ အိမ်သုံးပစ္စည်းတွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

1 year Ago
Up