ထန်းတောရွာ

December 7, 2020

လော့ဒေါင်းချထားသည့် မိတ္ထီလာ ထန်းတောရွာတွင် ကူညီထောက်ပံ့မှုများ လိုအပ်

လော့ဒေါင်း ချထားတဲ့ မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ရေဝေကျေးရွာအုပ်စု ထန်းတောကျေးရွာမှာ ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၄ ဦး တွေ့စဉ်ကတည်းက ရွာကို လော့ဒေါင်းချခဲ့တာ ဒီနေ့ထိ ပိုးတွေ့လူနာ ၂၀ ရှိသွားပြီဖြစ်ပြီး လော့ဒေါင်းချထားတာ ရက်ကြာလာတာကြောင့် ကူညီထောက်ပံ့မှူတွေ လိုအပ်တယ်လို့ ရေဝေကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်က ပြောပါတယ်။ "ဒီဇင်ဘာ ၁ ရက်နေ့မှာ ခရီးသွားရာဇဝင်မရှိတဲ့ အမျိုးသား ၁ ဦးကစပြီး ကိုဗစ်-၁၉ ရောဂါပိုးကို တွေ့တယ်၊ ထိစပ်မှူတွေ စစ်ဆေးတာ ရောဂါပိုးက ၁၄ ဦးတွေ့နေတယ်။ အဲဒါနဲ့ ဒီဇင်ဘာ ၂ ရက်နေ့မှာ ရွာကို လော့ဒေါင်းချထား လိုက်တယ်။ မနေ့ကအထိ ကိုဗစ်ရောဂါပိုးတွေ့သူ ၂၀ ရှိသွားပြီ။ ရွာသူရွာသားတွေကို အသွားအလာကန့်သတ်ထားသလို တိရစ္ဆာန်တွေအတွက်လည်း စားကျက် ကန့်သတ်ထားပေးတယ်။ ရွာသူရွာသားတွေကိုတော့ တတ်နိုင်သလောက် စီစဉ်ပြီး ကူညီထောက်ပံ့ထားတယ်၊ ကူညီထောက်ပံ့မှုတွေတော့ လိုအပ်တာပေါ့။ သူတို့စားရေးပြည့်စုံမှ အပြင်မထွက်မှာလေ။ အခုထိတော့ မြို့နယ်အုပ်ချုပ်ရေးမှူးကြီးကပဲ ကြက်ဥတွေ လှူတယ်။ တတပ်တအား ကူညီအားပေးစေချင်တယ်" လို့ ပြောပါတယ်။ ရေဝေရွာအုပ်စုမှာ  ရွာ ၁၀ ရွာရှိကာ လော့ဒေါင်းချထားတဲ့ ထန်းတောရွာမှာ အိမ်ခြေ ၇၀ ကျော်၊ အိမ်ထောင်စု ၁၄၀၀ ကျော်၊ လူဦးရေ ၄၇၀ လောက် ရှိပြီး မိတ္ထီလာမြို့နဲ့ မိုင် ၂၀ ကျော် ဝေးတဲ့ မိတ္ထီလာ-ကျောက်ပန်းတောင်းသွား ကားလမ်းပေါ်မှာ တည်ရှိနေပါတယ်။    မိတ္ထီလာခရိုင်ဆေးရုံကြီးမှာ ဒီဇင်ဘာလ ၆ ရက်နေ့အထိ ကိုဗစ်-၁၉ လူနာ ၁၇၄ ဦး၊ ရောဂါပျောက်ကင်းလို့ ဆေးရုံဆင်းသွားသူ ၁၃၉ ဦးနဲ့ သေဆုံးသူ ၁ ဦးရှိပြီး ဆေးရုံမှာ ဆေးကုသဆဲလူနာ ၃၄ ဦး ရှိနေပါတယ်။ သတင်း-မောင်မောင်လင်း
4 months Ago
Up