ထန်းသီးဆံ

July 12, 2018

မြန်မာနိုင်ငံထွက် ထန်းသီးဆံများ​ကို တရုတ်​နိုင်​ငံသို့ တင်​ပို့​ရောင်းချနေ

မြန်မာပြည်အလယ်ပိုင်း အပူပိုင်း​ဒေသတွေမှာ အများဆုံးဖြစ်​ထွန်းတဲ့ ထန်းပင်​က ထန်းသီးဆံ​တွေကို မြင်းခြံမြို့ စက်​မှုဇုန်​မှာ​ရှိ  Green Momentum ကုမ္ပဏီက ဝယ်​ယူပြီး ​အေးခဲကာ တရုတ်​နိုင်​ငံသို့ တင်​ပို့​ရောင်းချ​နေပါတယ်။ အဖိုးတန်တဲ့ ထန်းပင်​​တွေ ခုတ်​လှဲ​ပြီး တရုတ်နိုင်ငံကို ရောင်းချ​နေတာ ​ရှိလာနေတဲ့အတွက် ထန်းပင်တွေကို ထိန်းသိမ်းဖို့နဲ့ ဒေသဖွံ့ဖြိုးရေးအတွက် အဓိက ရည်ရွယ်ပြီး ထန်းသီးဆံတွေကို ပြည်ပ တင်ပို့ရောင်းချဖို့ လုပ်ဆောင်နေတာလို့  Green Momentum ကုမ္ပဏီရဲ့ ဒါရိုက်​တာ ကို​ကျော်​သူရက ဒီဗွီဘီကို ပြောပါတယ်။ "ဒီလုပ်​ငန်းက အခုမှ စလုပ်​ကြည့်တာပါ။ ကျ​နော်​တို့ရဲ့ အဓိကရည်​ရွယ်​ချက်​က ဒီ​ဒေသဖွံ့ဖြိုး​ရေးကို ဦးစား​ပေးတာပါ၊ ခုဆိုရင်​ ထန်းပင်​​တွေ ခုတ်​လှဲ ​ရောင်းချ​နေတာ​တွေလည်း သိ​နေရတယ်​။ ပြီး​တော့ ထန်းပင်​​ပေါ်မှ ထန်းသီး​တွေကို နှစ်​စဉ်​နှစ်​တိုင်း အများကြီး လွှင့်ပစ်​​နေကြရတာ​တွေ ရှိ​နေတယ်​။ အဲ့ဒါ​တွေ စဉ်းစားပြီး ထန်းပင်​​တွေကိုပါ ထိန်းသိမ်းပြီးသားဖြစ်အောင်​ရယ်​၊ ​နောက်​ပြီး ထန်းသီးဆံ​တွေကို ဝယ်​ယူပြီး ​အေးခဲကာ ပြည်​ပပို့ကုန်​အဖြစ်​ ပထမဆုံး တရုတ်​နိုင်​ငံကို တင်​ပို့​ရောင်းချ​နေတာ ဖြစ်​တယ်​” ​တောင်​သူ​တွေက ထန်းသီးကို အလုံးလိုက်​​ရောင်းချတာမျိုးနဲ့ အဆံထုတ်​ပြီး ​ရောင်းချတာမျိုးဆိုပြီး ​ပုံစံ ၂ မျိုးနဲ့ ​ရောင်းချတာ​တွေလည်း ရှိ​နေပြီး ထန်းသီး ၁ လုံးမှာ အဆံ ၃ ဆံပါရှိကာ အဆံနု တဆံကို ၁၅ ကျပ်​နှုန်းနဲ့ ​ရောင်းချရတယ်​လို့ သိရပါတယ်​။ ​​ဒေသခံ​တောင်​သူတ​ဦးက “ခုလို ထန်းသီးဆံ ဝယ်​တာက ဒီ​ဒေသ​တော့ အခုမှ ကြားဖူးတာပါ။ အရင်​က​တော့ ထန်းသီး​တွေကို စဉ်းခုတ်​ပြီး နွား​ကျွေးရတယ်​။ သူတို့ ဝယ်​တာကလည်း ထန်းသီးဆံ အနုတ​မျိုးကိုပဲ ဝယ်​ယူတာပါ။ အနုတဆံ မှ ၁၅ ကျပ်​နှုန်းပဲ ဝယ်​တာဆို​တော့၊ ထန်းသီးဆံအရင့်​ကျ မ​ရောင်းရ​တော့ ​တောင်​သူ​တွေ မကိုက်​ညီပါဘူး” လို့ ဆိုပါတယ်​။ အပူပိုင်း​ဒေသဖြစ်​တဲ့ မန္တ​လေးတိုင်း​ဒေသကြီးမှာ ထန်းပင်​​တွေ အများဆုံး​တွေ့ရှိရပြီး လက်​ရှိမှာ​တော့ ထန်းပင်​​တွေကို ပုံစံအမျိုးမျိုးနဲ့ ခုတ်​လှဲ​ပြီး တရုတ်နိုင်ငံကို ရောင်းချ​နေတာမျိုး​တွေလည်း ရှိ​နေလို့ ထန်းပင်တွေကို ကာကွယ်စောင့်ရှောက်ဖို့ ထန်းပင်ချစ်သူများအဖွဲ့ ဖွဲ့စည်းဆောင်ရွက်နေတာလည်း ရှိနေပါတယ်။ ရီရီထွန်း(မြင်းခြံ)
3 years Ago
Up