တရုတ်-ဗြိတိန်

January 20, 2018

တရုတ်-ဗြိတိန် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းမှု တိုးမြှင့်ရန် ဆွေးနွေး

ဗြိတိန်၊ ဥရောပသမဂ္ဂကထွက်ပြီးနောက်ပိုင်းမှာ တရုတ်ရဲ့ ပိုးလမ်းနှစ်သွယ်စီမံကိန်း Belt and Road နဲ့ပတ်သက်ပြီး နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းမှု တိုးမြှင့်ရေး ဆွေးနွေးခဲ့ကြပါတယ်။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ဇန်နဝါရီ ၁၈ ရက်နေ့က ကျင်းပတဲ့ တရုတ်-ဗြိတိန်စီးပွားရေးနဲ့ ကုန်သွယ်ရေးဖိုရမ်မှာ တရုတ်ရဲ့စီမံကိန်းကြီးဖြစ်တဲ့ ပိုးလမ်းနှစ်သွယ် (Belt and Road) စီမံကိန်းမှာ နှစ်နိုင်ငံစီးပွားရေးပူးပေါင်းမှု တိုးမြှင့်ဖို့ ဆွေးနွေးခဲ့ကြတာပါ။ အဲဒီ ဖိုရမ်ကို ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လျူရှောင်မင်း အပါအဝင် နှစ်နိုင်ငံက စီးပွားရေးခေါင်းဆောင်တွေ တက်ရာက်ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့နှစ်ပိုင်းအတွင်းမှာ ဗြိတိန်အစိုးရဟာ တရုတ်အစိုးရရဲ့ ပိုးလမ်းနှစ်သွယ် (Belt and Road) စီမံကိန်းနဲ့ပတ်သက်ပြီး တက်တက်ကြွကြွ ပါဝင်ခဲ့တာပါ။ အခုနှစ် ဇန်နဝါရီလအတွင်းကလည်း ဗြိတိန်နိုင်ငံရဲ့ နိုင်ငံတကာကုန်သွယ်ရေးဝန်ကြီး လီယန်ဖော့်စ်က ပိုးလမ်းနှစ်သွယ်စီးမံကိန်းမှာ ပါဝင်ပတ်သက်နေကြတဲ့ ဗြိတိန်စီးပွားရေး လုပ်ငန်းတွေကို စတာလင်ပေါင် ၂၅ ဘီလီယံ ထောက်ပံ့သွားမယ်လို့ ကြေညာထားပါတယ်။ “ဗြိတိန်အနေနဲ့က တရုတ်ရဲ့ ဒီ ပိုးလမ်းနှစ်သွယ်စီမံကိန်းအပေါ် အလွန့်အလွန် အလေးထားနေမှာပါ။ ဒါကြောင့် ဗြိတိန်အဖွဲ့အစည်းတွေဟာ တရုတ်ရဲ့ ဒီစီမံကိန်းကြီးကို အလွန်စိတ်ဝင်စားကြပါတယ်။ တကယ်လို့ ဗြိတိန်အနေနဲ့ သက်ဆိုင်ရာ စီမံကိန်းတွေ၊ အဖွဲ့အစည်းတွေနဲ့ အောင်အောင်မြင်ြမင် ချိတ်ဆက်နိုင်ပြီဆိုရင်၊ နောက်ပိုင်း ရေရှည်မှာ စီးပွားရေးတိုးတက်မှုကို မြှင့်တင်နိုင်မှာပါ။ ဒီစီမံကိန်းကြီးဟာ ဗြိတိန်အစိုးရ အဓိက အာရုံစိုက်နေတဲ့ အရေးကိစ္စတခုပါ။ ဘာလို့လဲဆိုရင် တကယ်တော့ ဒီစီမံကိန်းကြီးက ဗြိတိန်စီးပွားရေး တိုးတက်မှုကို တွန်းတင်ပေးမှာဖြစ်လို့ပါပဲ။ အထူးသဖြင့် ဗြိတိန်ဥရောပသမဂ္ဂက ထွက်အပြီးနောက်ပိုင်းမှာပေါ့။” လို့ ICBC Standard ဘဏ်ရဲ့ စီးပွားရေးပညာရှင်ချုပ် ဖြစ်တဲ့  ကြင်းနီးယယ်က ပြောပါတယ်။ “ဗြိတိန်နဲ့ တရုတ်တို့ဟာ နည်းလမ်းများစွာနဲ့ ပူးပေါင်းဆောင်ရွက်လို့ရပါတယ်။ ဘဏ္ဍာရေးကဏ္ဍတခုတည်းတင် မကပါဘူး။ ဒီပိုးလမ်းနှစ်သွယ်စီမံကိန်းကြီး တိုးတက်အောင်လုပ်ဆောင်ဖို့ကိစ္စနဲ့ ပတ်သက်တဲ့ တခြားမျက်နှာစာတွေမှာလည်း ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်။ အရေးအကြီးဆုံးကတော့ ဒီ ပိုးလမ်းနှစ်သွယ်စီမံကိန်းမှာ ဘဏ္ဍာရေး အထောက်အပံ့ပေးခြင်းက အနာဂတ်အောင်မြင်မှုအတွက် အဓိကသော့ချက်ဖြစ်ပါတယ်။ ဒါကြောင့် ဗြိတိန်အနေနဲ့ တရုတ်ကို ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ဘဏ္ဍာရေးကဏ္ဍအားလုံးကို အထောက်အကူအများကြီး ပေးနိုင်ပါတယ်” လို့ လန်ဒန်အခြေစိုက် Netwealth Investments ကုမ္ပဏီရဲ့ စီးပွားရေးဆိုင်ရာ မဟာဗျူဟာပညာရှင် တဦးဖြစ်တဲ့ ဂျရတ်လိုင်းယန်း က ပြောပါတယ်။
4 years Ago
Up