တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကင်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန် ၁၈ နဲ့ ၁၉ ရက်နေ့တွေက မိုးအဆက်အပြတ်ရွာသွန်းပြီး နေအိမ်တွေနဲ့ ကားလမ်းတွေ ရေလွှမ်းမိုးနေတယ်လို့ အစိုးရပိုင် သတင်းဌာနတွေက ကြေညာပါတယ်။
ဇွန် ၁၈ ရက်နေ့ ညနေ ၆ နာရီကနေ ည ၁၀ နာရီအတွင်း မိုးရေချိန် ၁၈၂ မီလီမီတာ ရွာသွန်းခဲ့ပြီး မြေနိမ့်ပိုင်းတွေမှာ ရေ ၆ ပေလောက် နစ်မြုပ်ခဲ့တာပါ။
ရေနဲ့ပါသွားနိုင်တဲ့ကားတွေကို မီးသတ်တပ်ဖွဲ့ဝင်တွေ ဆွဲတင်ခဲ့ကြပြီး နေအိမ်တွေမှာ ပိတ်မိနေတဲ့ မြို့ခံတွေကိုလည်း အရေးပေါ် ကယ်ဆယ်ခဲ့ကြပါတယ်။
လက်ရှိအချိန်အထိ လူ ၅ ဦး သေဆုံးတယ်လို့ စီစီတီဗွီရုပ်သံက ကြေညာပါတယ်။
ဇွန် ၂၀ ရက်နေ့ နှောင်းပိုင်းအထိ တရုတ်နိုင်ငံတောင်ပိုင်း ဒေသတွေမှာ မိုးဆက်လက်ရွာသွန်းနိုင်ပြီး တရုတ်အမျိုးသား မိုးလေ၀သဌာနက အ၀ါရောင်သတိပေးချက် ဆက်လက်ထုတ်ပြန်ထားပါတယ်။
7 years Ago