တရုတ်နိုင်ငံမှာ လူသိများ ထင်ရှားတဲ့ လူ့အခွင့်အရေးရှေ့နေ ဖူကျိချောင် (Pu Zhiqiang) ကို ဒီဇင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်းက ဘေကျင်းတရားရုံးတရုံးက ဆိုင်းငံ့ထောင်ဒဏ် ၃ နှစ် ချမှတ်ပြီး နေ့လယ်ပိုင်းမှာပဲ ပြန်လွှတ်ပေးလိုက်ပါတယ်။
ဖူကျိချောင်ကို အင်တာနက် လူမှုကွန်ရက်တွေမှာ ရန်လိုရန်စမှု၊ လူမျိုးရေး မုန်းတီးမှုဖြစ်အောင် သွေးထိုးလှုံ့ဆော်မှုတွေနဲ့ ပြစ်မှုထင်ရှားတယ်ဆိုပြီး ပီကင်းတရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့တာပါ။
ဖူကျိချောင်ဟာ တရုတ်အစိုးရကို ပြစ်တင်ဝေဖန်မှုနဲ့ နောက်ဆုံး ရုံးတင်အရေးယူခံရတဲ့ အတိုက်အခံတဦး ဖြစ်ပါတယ်။
သူ့ကို ဘေကျင်းမြို့တော်၊ ထိန်းသိမ်းရေးစခန်းမှာ ၁၉ လကြာ ထိန်းသိမ်းခဲ့ပြီး ပြန်လွှတ်ပေးလိုက်ပေမယ့် နေအိမ်မှာ စောင့်ကြည့်သွားမှာပါ။
သူ့အပေါ်ချမှတ်တဲ့ အပြစ်ဒဏ်အပေါ် ၁၀ ရက်အတွင်း အယူခံခွင့်ရှိတယ်လို့ သူ့ရဲ့ရှေ့နေက ပြောပါတယ်။
သူဟာ နောက်ပိုင်း ရှေ့နေ လုပ်ကိုင်ခွင့် မရတော့ပါဘူး။
သူနဲ့ တရုတ်အနုပညာရှင် အိုင်ဝေေ၀တို့ဟာ တရုတ်အစိုးရ အာဏာပိုင်တွေရဲ့ ချမ်းသာမှုတွေကို တရားဝင် ထုတ်ပြန်ကြေညာပေးဖို့ တောင်းဆိုနေကြပြီး နိုင်ငံအနောက်ပိုင်းက တရုတ်မွတ်စလင် ရှင်းကျန်းဒေသခံတွေအပေါ် တရုတ်အစိုးရရဲ့ မူဝါဒတွေကို အင်တာနက်မှာ ပြစ်တင်ဝေဖန် တိုက်ခိုက်ခဲ့ကြတာပါ။
တရုတ်အစိုးရဟာ ပြစ်တင်ဝေဖန်တဲ့ အတိုက်အခံတွေကို ရန်လိုရန်စမှု၊ လူမျိုးရေး သွေးထိုးလှုံ့ဆော်မှုတွေနဲ့ ဖမ်းဆီးအရေးယူလေ့ ရှိပါတယ်။
တရုတ်လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုတွေကိုလည်း တုံ့ပြန်တိုက်ခိုက်လေ့ရှိပြီး တရုတ်နိုင်ငံဟာ သူ့စည်းကမ်း၊ သူ့ဥပဒေနိုင်ငံဆိုပြီး ကာကွယ်ပြောဆိုပါတယ်။
7 years Ago