တရုတ် ဘီလီယံနာ

February 3, 2017

တရုတ် ဘီလီယံနာ သူကြွယ်ကြီး ရှောင်ကျဲ့ဟွာ ပျောက်ဆုံး

တရုတ်ပြည်မကြီးမှာ မွေးတဲ့ ဘီလီယံနာ သူကြွယ်ကြီး ရှောင်ကျဲ့ဟွာကို အရင်အပတ်က ဟောင်ကောင်မှာရှိတဲ့ ဇိမ်ခံဟိုတယ်မှာ နောက်ဆုံးမြင်ခဲ့ရပြီး ပျောက်ဆုံးနေလို့ ဟောင်ကောင်မှာ ကြောက်ရွံ့ထိတ်လန့်နေပါတယ်။ သူ့ကို တရုတ်ပြည်မကြီးက သူလျှိုတွေက ပြန်ပေးဆွဲသွားတာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ မီဒီယာက အစီရင်ခံထားပါတယ်။ သူ့အမှုနဲ့ပတ်သက်ပြီး အဓိကကျတဲ့ အသေးစိတ် အချက်အလက်တွေ ရှင်းလင်းဖို့ လိုနေသေးတယ်။ ကနဦး လက္ခဏာတွေက စိုးရိမ်ဖို့ကောင်းတယ်လို့ ဟောင်ကောင်အစိုးရ သတင်းရင်းမြစ်က ပြောပါတယ်။ တရုတ်နိုင်ငံ မြို့တော် ပေကျင်းမှာ ဗဟိုဌာနချုပ်ထားရှိတဲ့ ဘဏ္ဍာရေး လုပ်ငန်းစု တူမောရိုး ဟိုးဒင်းစ်ရဲ့ ပိုင်ရှင် ရှောင်ဟာ ဖိုးဆီဇင်ဟိုတယ်ကနေ တရုတ်ပြည်သူ့လုံခြုံရေး သူလျှိုတွေရဲ့ ပြန်ပေးဆွဲတာ ခံရအပြီး တရုတ်ပြည်မကြီးဆီ ခေါ်သွားခံရတယ်လို့ ဖိုင်နန်ရှယ်တိုင်းမ်စ် သတင်းစာက အစီရင်ခံပါတယ်။ ရှောင်ဟာ တရုတ်အကြီးတန်းအရာရှိတွေနဲ့ သူတို့ရဲ့ ဆွေမျိုးတွေနဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိပါတယ်။ တရုတ်ရဲ့ အချမ်းသာဆုံး သူဌေးစာရင်းမှာ အမှတ် ၃၂ ချိတ်သူလို့ ၂၀၁၆ ခုနှစ်ထုတ် ဟူရန် ချိုင်းနား သူဌေးစာရင်းက ဖော်ပြပါတယ်။ အသားတင် ကြွယ်ဝမှု အမေရိကန် ဒေါ်လာ ၅ ဒသမ ၉၇ ဘီလီယံ ရှိတယ်လို့ ဆိုပါတယ်။ ပေကျင်းမြို့တော်က ရှောင်ရဲ့ ကုမ္ပဏီကို ဖုန်းခေါ်လို့ မရသေးပါဘူး။ ရှောင်ဟာ နယ်စပ် စစ်ဆေးရေးစခန်းကို ဖြတ်ပြီး တရုတ်ပြည်မကြီးဆီ ဇန်နဝါရီ ၂၇ ရက်နေ့က ပြန်သွားပြီလို့ ဟောင်ကောင်ရဲတွေက ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒါပေမယ့် တရုတ်အာဏာပိုင်တွေဆီက ပိုများတဲ့ သတင်းအချက်အလက်တွေကိုရဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ရှောင်း ဘယ်ရောက်နေတယ်ဆိုတဲ့ အချက် တချက်ချင်းကလည်း မကိုက်ညီ ဖြစ်နေပါတယ်။ အရင်က တရုတ်အစိုးရ ခေါင်းဆောင်တွေရဲ့ အတင်းအဖျင်းတွေကို ပုံနှိပ်ထုတ်ဝေခဲ့တဲ့ ဟောင်ကောင် စာအုပ်ရောင်းသူတွေရဲ့ ဝန်ထမ်း ၅ ဦးလည်း မနှစ်က ပြန်ပေးဆွဲ ခံခဲ့ရဖူးပါတယ်။ ၃ ယောက်က တရုတ်နိုင်ငံထဲမှာ အဖမ်းခံရတာဖြစ်ပြီး နိုင်ငံခြား နိုင်ငံကူးလက်မှတ် ကိုင်ထားတဲ့ ၂ ယောက်ကတော့ ထိုင်းနဲ့ ဟောင်ကောင်ကနေ သူတို့ဆန္ဒကို ဆန့်ကျင်ခေါ်ထုတ်ခံရတာ ဖြစ်ပါတယ်။
4 years Ago
Up