တရုတ်နှစ်သစ်ကူးရာသီချိန် သန်းနှင့်ချီသည့်လူများ အိမ်ပြန်ခရီးစဉ် စတင်ထွက်ခွာ

February 3, 2016

တရုတ်နှစ်သစ်ကူးရာသီချိန် သန်းနှင့်ချီသည့်လူများ အိမ်ပြန်ခရီးစဉ် စတင်ထွက်ခွာ

တရုတ်နှစ်သစ်ကူး ရာသီချိန် အိမ်ပြန်ခရီးစဉ်အတွက် သန်းနဲ့ချီတဲ့လူတွေ တရုတ်မြို့တော် ဘေကျင်းကနေ ဒေသအသီးသီးဆီ ရထားနဲ့ ထွက်ခွာနေတာကို ဖေဖော်ဝါရီ ၂ ရက်နေ့က တွေ့ရပါတယ်။ ဒီခရီးစဉ်ကို ကမ္ဘာ့အကြီးဆုံး အစုလိုက်အပြုံလိုက် ခရီးထွက်မှုလို့ တင်စားကြပါတယ်။ ဇန်နဝါရီ ၂၄ ရက်နေ့ကနေ မတ်လ ၃ ရက်နေ့ထိ ကြာမယ့် နွေဦး နှစ်သစ်ကူး ပွဲတော်အတွက် ခုလို အိမ်ပြန်နေတာ ဖြစ်ပါတယ်။ ကားလမ်းခရီးသည် ၂ ဒသမ ၄၈ ဘီလျံ၊ ရထားလမ်းသုံး ခရီးသည် ၃၃၂ သန်း၊ လေကြောင်းခရီးသည် ၅၄ ဒသမ ၅၅သန်းနဲ့ ရေလမ်းခရီးသည် ၄၂ ဒသမ ၈သန်း ရှိတယ်လို့ အမျိုးသား တိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေး ကော်မရှင်က စာရင်းထုတ်ပြန်ပါတယ်။ ခန့်မှန်းခရီးသည် စုစုပေါင်း ၂ ဒသမ ၉၁ ဘီလျံရှိပြီး နှစ်တိုင်းမှာ လူဦးရေ ၃ ဒသမ ၆ ရာခိုင်နှုန်း တိုးလာတယ်လို့ ဆိုပါတယ်။ အစိုးရရုပ်သံ စီစီတီဗွီက ဖေဖော်ဝါရီ ၂ ရက်နေ့မှာ နိုင်ငံတလွှား ရထားခရီးစဉ်ပေါင်း ၈ ဒသမ ၃၇ သန်း ရှိမယ်လို့ ပြောပါတယ်။ တရုတ်မြို့ကြီးတွေမှာ အလုပ်လုပ်သူ အများအပြားက နွေဦးပွဲတော်မှာ မိသားစုတွေ ပြန်ဆုံဆည်းဖို့ အိမ်ပြန်လေ့ ရှိတာပါ။ တိရစ္ဆာန် ၁၂ ကောင်နဲ့ သရုပ်ဖော်ထားတဲ့ တရုတ်ရိုးရာ ပြက္ခဒိန်အရ ဖေဖော်ဝါရီ ၇ ရက်နေ့ ညမှာ မျောက်နှစ်ကို ကူးပြောင်းမှာ ဖြစ်ပါတယ်။
6 years Ago
Up