တရုတ်နှင့်တောင်ကိုရီးယား

December 16, 2017

တရုတ်နှင့်တောင်ကိုရီးယား ဆက်ဆံရေးတိုးမြှင့်ရန် နှစ်နိုင်ငံ ခေါင်းဆောင်များ သဘောတူ

တရုတ်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေး တိုးမြှင့်ဖို့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ ကြာသပတေးနေ့က သဘောတူလိုက်ကြပါတယ်။ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး တည်ဆောက်တာ ၂၅ နှစ်ပြည့် နှစ်ပတ်လည်အတွက် တရုတ်မြို့တော် ပေကျင်းကို အလည်ရောက်နေတဲ့ တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်းနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ကြား ဆွေးနွေးပွဲမှာ ခုလို သဘောတူ ကတိပြုလိုက်တာပါ။ ကိုရီးယားကျွန်းဆွယ် အရေးအတွက် ထိတွေ့ ဆွေးနွေးမှုတွေကနေ တဆင့် ဆက်ဆံရေး တိုးတက်အောင် ဆက်လုပ်သွားတာကို တရုတ်က ထောက်ခံတယ်လို့ တရုတ်သမ္မတရှီက ပြောပါတယ်။ တောင်ကိုရီးယားသမ္မတမွန်းကလည်း “ကိုရီးယားကျွန်းဆွယ် နျူကလီးယားအရေးကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ ခိုင်ခိုင်မြဲမြဲ ကတိပြုတယ်။ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးကိုကာကွယ်ဖို့ တရုတ်နဲ့အတူ လုပ်ဆောင်ရေး လိုလားတယ်” လို့ ပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံထဲမှာ တပ်ချထားတဲ့ အဆင့်မြင့် ဝေဟင်လွှမ်းခြုံ ဒုံးခွင်းဒုံးစနစ်နဲ့ ပတ်သက်ပြီး တရုတ်ရဲ့ ရပ်တည်ချက်ကို သမ္မတ ရှီက သေချာအောင် ထပ်ပြောပါတယ်။ အဲဒီနောက် စီးပွားရေး ကုန်သွယ်ရေး သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်လုပ်ငန်းတွေ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ စွမ်းအင်နဲ့ ဆောင်းရာသီအိုလံပစ် စတဲ့ နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ရေး စာရွက်စာတမ်းတွေ လက်မှတ်ထိုးတာကို နှစ်နိုင်ငံ ခေါင်းဆောင်တွေက အသိသက်သေ ပြုခဲ့ကြပါတယ်။
4 years Ago
Up