တရုတ်နိုင်ငံ ဟစ်ဟော့ပ်ယဉ်ကျေးမှု တရားဝင် နှိမ်နင်းမှုဖြင့် ရင်ဆိုင်ရ

January 26, 2018

တရုတ်နိုင်ငံ ဟစ်ဟော့ပ်ယဉ်ကျေးမှု တရားဝင် နှိမ်နင်းမှုဖြင့် ရင်ဆိုင်ရ

တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ နွေရာသီက သည်ရက်ပ်အော့ဖ်ချိုင်းနားဆိုတဲ့ ဂီတပွဲဟာ ရုတ်တရက် အကြီးအကျယ် အောင်မြင်သွားခဲ့ပါတယ်။ ဟစ်ဟော့ပ် ဂီတသမားတွေထဲက နာမည်မကြီးတဲ့ နောက်တက် ဟစ်ဟော့ပ် အဆိုတော်တွေကနေ နာမည်ကြီးတွေအထိ ဒီပွဲမှာ ပါဝင်သီဆိုကြပြီး ဒေါ်လာသန်းနဲ့ချီပြီး ဝင်ငွေရခဲ့ပါတယ်။ ထိပ်သီးပြိုင်ပွဲဝင်သူတွေထဲက တော်တော်များများဟာ ကျော်ကြားဖို့ အရည်အသွေး ရှိကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်သတ္တပတ် အနည်းငယ်မှာ ဟစ်ဟော့ပ်မြင်ကွင်းတွေ အလျင်အမြန်ကြီး တားမြစ်ပိတ်ပင်ခံရပြီး အံ့သြဖွယ် အလှည့်အပြောင်း ဖြစ်ခဲ့တယ်လို့ ဘီဘီစီသတင်းမှာ ဇန်နဝါရီ ၂၄ ရက်နေ့က ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံရဲ့ ရက်ပ်အဆိုအတော် အကျော်အမော် နှစ်ဦးထဲက တဦးဖြစ်တဲ့ ပီဂျီဝမ်းကို စတင်ပိတ်ပင်တားမြစ်ခဲ့ပြီး သူက နာမည်ကြီး အိမ်ထောင်ရှိတဦးနဲ့ အချစ်ရေးဆက်ဆံမှုရှိတယ်လို့ စွပ်စွဲခံခဲ့ရတာပါ။ ဘယ်တုန်းကမှ သက်သေမပြနိုင်တဲ့ စွပ်စွဲချက်က ဒီကိစ္စရပ်မှာ ပီဂျီဝမ်းသာမက ယေဘုယျအားဖြင့် ဟစ်ဟော့ပ်ဂီတကိုပါ ဆန့်ကျင်မှု တိုးမြင့်လာခဲ့ပါတယ်။ နိုင်ငံပိုင် သတင်းဌာနက ပီဂျီဝမ်းရဲ့ သီချင်းစာသားတွေဟာ အမျိုးသမီးတွေကို နှိမ့်ချ ခွဲခြားထားကာ အကျင့်စာရိတ္တ ပျက်ပြားတယ်လို့ ဝေဖန်တိုက်ခိုက်လိုက်ပြီး သြဇာရှိတဲ့ ကွန်မြူနစ်လူငယ်အဖွဲ့ချုပ်က သူ့သီချင်းတွေထဲက ခရစ္စမတ်ပွဲတော်ဆိုတဲ့သီချင်းက “ဘုတ်ပြားပေါ်မှာ အဖြူရောင်အမှုန့်တွေ လမ်းလျှောက်နေတယ်” ဆိုတဲ့ စာသားဟာ မူးယစ်ဆေးဝါးသုံးစွဲဖို့ လှုံ့ဆော်နေတဲ့ သီချင်းလို့ ဝေဖန်လိုက်ပါတယ်။ တရုတ်အမျိုသမီးသတင်းဌာနက ပီဂျီဝမ်းဟာ အမျိုးသမီးတွေကို ဖော်ပြရာမှာ ရိုင်းပျတဲ့ စကားလုံးတွေသုံးလို့ မိန်းမမုန်းတီးရေးသမား၊ အမျိုးသမီးတွေထက် ယောက်ျားတွေက သာလွန်သူလို့ ထင်နေတဲ့သူဖြစ်ကြောင်း စွပ်စွဲလိုက်ပြီး ဒီအဖြစ်အပျက်က ဟစ်ဟော့ပ်ဂီတ အမျိုးအစားတခုလုံးကို နှိမ်နင်းဖို့ ဖြစ်လာပုံရတာလို့ ဆိုပါတယ်။ ရုပ်မြင်သံကြားနဲ့ နိုင်ငံခြား သတင်းဌာနတွေရဲ့ အသံထုတ်လွှင့်တာတွေနဲ့ ပတ်သက်လို့ အာဏာပိုင်တွေ တွေ့ဆုံခဲ့ပြီး ပြီးခဲ့တဲ့အပတ်မှာ မှတ်တမ်းတခု ပေါ်ထွက်လာခဲ့ပါတယ်။ အစည်းအဝေးမှတ်တမ်းက ဟစ်ဟော့ပ် အဆိုတော်တွေနဲ့ ဟစ်ဟော့ပ်ဂီတပွဲတွေကို အစီအစဉ်တွေမှာ ထပ်ပြီး မထုတ်လွှင့်တော့ဘူးလို့ ပြောထားကြောင်း သိရပါတယ်။ ရုပ်သံအစီအစဉ်တွေအားလုံးက အချက် ၄ ချက်ပေါ်မှာ လိုက်နာရမှာဖြစ်ပြီး အသံထုတ်လွှင့်ဖို့ ဧည့်သည်ဖိတ်ကြားတဲ့အခါ ကိုယ်ကျင့်တရားနဲ့ တန်ဖိုးနိမ့်တဲ့ နာမည်ကြီးတွေကို မသုံးဖို့၊ ရိုင်းပြီး အပြုအမူဆိုးဝါး အဆင့်နိမ့်တဲ့သူတွေကို မသုံးဖို့၊ အတွေးနဲ့ ပုံစံဟန် ယဉ်ကျေးသိမ်မွေ့မှု မရှိတဲ့သူတွေကို မသုံးဖို့နဲ့၊ အရှုပ်အထွေးကိစ္စတွေမှာ ပါသူတွေကိုလည်း မသုံးဖို့ ပြောထားပါတယ်။ အစည်းအဝေးမှတ်တမ်းက အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေပြီး သည်ရက်ပ်အော့ဖ်ချိုင်းနားပွဲရဲ့ အနိုင်ရသူ ဂျီအေအိုင်က I am a singer လို့ခေါ်တဲ့ ပွဲမှာ သီဆိုဖို့ ရုတ်တရက် ထွက်သွားပါတယ်။ ဂျီအေအိုင်ရဲ့ စီမံခန့်ခွဲမှုအဖွဲ့က ထွက်လာတဲ့ သတင်းအရ အထက်က ဖိအားတွေကြောင့် ထွက်သွားတာလို့ သိရပါတယ်။ ဂျီအေအိုင်ရဲ့ ကိုယ်စားလှယ် ကျန်ဇီတောင်က ဘာလို့ ဂျီအေအိုင် ထွက်သွားတယ်ဆိုတာ မသိပေမယ့် ဟစ်ဟော့ပ်ဂီတကို တားမြစ်တယ်လို့ သူ ဘယ်တုန်းကမှ မကြားခဲ့ဘူးလို့ ဆိုပါတယ်။ သည်ရက်ပ်အော့ဖ်ချိုင်းနား ပွဲကြီးကနေ ကျော်ကြားလာတဲ့ အမျိုးသမီး ရက်ပ်အဆိုတော်လည်းဖြစ်၊ တခြားတီဗွီရှိုး ဟက်ပီးကမ့်ပ်ရဲ့ အဆိုတော်လည်းဖြစ်တဲ့ VAVA လည်း ရုတ်တရက် သူ့ရဲ့နောက်ဆုံးအခန်းကနေ ဖယ်ရှားခံခဲ့ရပါတယ်။ ဘာကြောင့် သူမ ဖယ်ရှားခံရတယ် ဆိုတာတော့ ဘယ်သူမှ မသိကြပေမယ့် VAVA ကို ဖယ်ရှားပြီး ဟက်ပီးကမ့်ပ်က သူတို့ရဲ့ အရောင်းမြှင့်တင်ရေး ဗွီဒီယိုကို ပြန်လည်ထုတ်ခဲ့ပါတယ်။ အစိုးရက လူထုရဲ့ မြင်နိုင်၊ မမြင်နိုင်တာတွေအပေါ်မှာ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ထားလို့ ဂိုဏ်းအဖွဲ့ခေါင်းဆောင်ဟန် ရက်ပ်သီချင်း သီဆိုကြတဲ့ ဂျီအေအိုင် အပါအဝင် ရက်ပ်အဆိုတော်အများစုက နိုင်ငံတော် တီဗွီအစီအစဉ်တွေမှာ ပါဝင်ဖို့ ချဉ်းကပ်ပုံတွေ ပြောင်းခဲ့ကြပါတယ်။ သူတို့ရဲ့ တွေ့ဆုံမေးမြန်းခန်းတွေမှာ အပြုသဘောဆောင်တဲ့ အင်အားနဲ့ဆိုင်တဲ့ ဂီတနဲ့ တရုတ်အာဏာပိုင်တွေ မြှင့်တင်လှုံဆော်ကြတဲ့ ကွန်မြူနစ်စနစ်ရဲ့ အဓိကတန်ဖိုးတွေ အကြောင်းကို ပြောခဲ့ကြပါတယ်။ လူမှုကွန်ရက်သုံးစွဲသူတချို့က ဟစ်ဟော့ပ်ယဉ်ကျေးမှုဟာ ဆိုရှယ်လစ်တန်ဖိုးတွေနဲ့ မကိုက်ညီလို့ ဒီလို အနှေးနဲ့အမြန် ဖြစ်မယ်ဆိုတာ သိကြောင်း၊ တချို့က အဖြူရောင်အမှုန့််၊ မိန်းကလေးတွေ၊ လိင်အကြောင်းနဲ့ အကြမ်းဖက်မှုအကြောင်း ဒါတွေက ဟစ်ဟော့ပ် သီချင်းစာသားတွေပဲလို့ ပြောလိုက်ပြီး ဝေဖန်သူတဦးက အမည်းစက်တွေကို ဝေဖန်တာက၊ ငရုတ်သီးကို စပ်တယ်လို့ ဝေဖန်တာနဲ့တူကြောင်း ပြောနေကြတယ်လို့ ဘီဘီစီသတင်းမှာ ဇန်နဝါရီ ၂၄ ရက်နေ့က ဖော်ပြထားပါတယ်။
3 years Ago
Up