တရုတ်နိုင်ငံတွင် ဒုတိယအကြိမ် မီးခိုးမြူ ထူများ အနီရောင်အဆင့် တပ်လှန့်

December 19, 2015

တရုတ်နိုင်ငံတွင် ဒုတိယအကြိမ် မီးခိုးမြူ ထူများ အနီရောင်အဆင့် တပ်လှန့်

တရုတ်နိုင်ငံ မြောက်ပိုင်းက ကျယ်ပြန့်တဲ့ အစိတ်အပိုင်းတွေမှာ ဒုတိယအကြိမ် အနီရောင်အဆင့် တပ်လှန့်ခဲ့ရတဲ့ မီးခိုးမြူထူတွေ ပြန်ရောက်လာလိမ့်မယ်လို့ သတိပေးထားတာကြောင့် တရုတ်မြို့တော် ပေကျင်းဒေသခံတွေ စိုးရိမ်နေကြပါတယ်။ တရုတ်နိုင်ငံရဲ့ အရောင်လေးရောင် သတိပေးမှု သတ်မှတ်ချက် ထဲမှာ အနီရောင်ဟာ အခြေအနေ အဆိုးရွား အပြင်းထန်ဆုံး အဆင့်ပါ။ အနီရောင်အဆင့် တပ်လှန့်မှုဟာ ဒီဇင်ဘာ ၁၉ ရက်နေ့ ဒေသစံတော်ချိန် မနက် ၇ နာရီကနေ ဒီဇင်ဘာ ၂၂ ရက်နေ့ သန်းခေါင်ထိ ကြာလိမ့်မယ်လို့ ပေကျင်း သဘာဝပတ်ဝန်းကျင် ဗျူရိုက ပြောပါတယ်။ မီးခိုးမြူထူတွေဟာ အရင် သီတင်းပတ်ကထက် အခြေအနေ ပိုဆိုးလိမ့်မယ်လို့ အစိုးရသတင်းဌာန ရှင်းဟွာက ပြောပါတယ်။ ပေကျင်းမြို့ လေထုအရည် အသွေးထဲမှာ ညစ်ညမ်းမှု ပုံစံအမျိုးမျိုးက ညွှန်းကိန်း ၂၀၀ ကျော်မှာ အနည်းဆုံး ၃ ရက်ဆက်တိုက် ရှိနေခဲ့မယ်လို့ အစိုးရက ယုံကြည်တာကြောင့် အနီရောင်အဆင့် တပ်လှန့်ခဲ့ပါတယ်။ ပေကျင်းမြို့တော်နဲ့ အနားက ဟဘေး ပြည်နယ် အစိတ်အပိုင်းတွေမှာ လေထု ညစ်ညမ်းမှု ညွှန်းကိန်းက ၅၀၀ ကျော်မယ်လို့ ဗျူရိုက ပြောပါတယ်။ လေထု ညစ်ညမ်းမှု ညွှန်းကိန်း အဆင့် ၃၀၀ ကျော်ရင် ဒေသခံတွေ အိမ်ထဲမှာ နေကြဖို့ ညွှန်ကြားထားပါတယ်။ တရုတ်ခေါင်းဆောင်တွေကတော့ နိုင်ငံရဲ့ အဓိက မြို့ကြီးတွေကို လွှမ်းခြုံထားတဲ့ မီးခိုးမြူထူတွေ အပါအဝင် လေထု၊ ရေထု၊ မြေထုတွေ ဆိုးရွားတဲ့အဆင့်ထိ ညစ်ညမ်းနေမှုကို တိုက်ဖျက်မယ်လို့ ကတိပြုထားပါတယ်။ အာဏာပိုင်တွေ သတိပေးချက် ထုတ်ပြန်တာ သိပ်နှေးလွန်းတယ်လို့ မြို့ခံတွေက  ပြောဆို ဝေဖန်နေတာပါ။ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဝန်ကြီး ချန်ကျင်အင်းကတော့ ညစ်ညမ်းမှု အရေးပေါ် တုံ့ပြန်ရေး စီမံကိန်းကို အမြန်အကောင်အထည်ဖော်ဖို့ ပျက်ကွက်တဲ့ အရာရှိတွေနဲ့ အေဂျင်စီတွေ ကို ပြစ်ဒဏ်ပေးဖို့ ဒီလထဲမှာ ကတိပြုခဲ့ပါတယ်။
7 years Ago
Up