တရုတ်နိုင်ငံက ဆင်စွယ်အလုပ်ရုံနှင့် အရောင်းပြခန်း ၆၇ ခုကို ပိတ်သိမ်း

April 4, 2017

တရုတ်နိုင်ငံက ဆင်စွယ်အလုပ်ရုံနှင့် အရောင်းပြခန်း ၆၇ ခုကို ပိတ်သိမ်း

တရုတ်နိုင်ငံထဲက ဆင်စွယ်လုပ်ငန်း စုစုပေါင်းရဲ့ ၃ ပုံ ၁ ပုံဖြစ်တဲ့ အလုပ်ရုံနဲ့ အရောင်းပြခန်း ၆၇ ခုကို ပိတ်သိမ်းပြီး ဖြစ်ပါတယ်။ ဒီနှစ်ကုန်ပိုင်းမှာ ကျန်နေသေးတဲ့ ဆင်စွယ်လုပ်ငန်း ၁၀၅ ခုကို ဆက်လက်ပိတ်သိမ်းသွားဖို့ ရှိတယ်လို့ သိရပါတယ်။ တောဆင်ရိုင်းတွေကို ပိုပြီး ကာကွယ်ရာရောက်ဖို့ မရောင်းရသေးတဲ့ ဆင်စွယ်ကုန်ကြမ်းတွေနဲ့ ကုန်ချောတွေကို မပိတ်သိမ်းရသေးတဲ့ လုပ်ငန်း ၁၀၅ ခုဆီကို ပို့ဆောင်နိုင်ချေရှိတယ်လို့ သိရပါတယ်။ ဆင်စွယ်ရောင်းဝယ်မှုကို ဒီနှစ်ရဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့အထိသာ လုပ်ကိုင်ခွင့်ရှိမှာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ နောက်ဆုံး ကျန်နေတဲ့ ဆင်စွယ်တွေကိုတော့ စီးပွားဖြစ်ရောင်းဝယ်ရေးတွေမှာ မသုံးတော့ဘဲ ပြတိုက်လို အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေမှာပဲ အသုံးပြုသွားတော့မယ်လို့ တရုတ်နိုင်ငံ သဘာဝတောရိုင်း စောင့်ကြည့်ရေးဌာနက ပြောပါတယ်။ တရုတ်ရဲ့ ဆင်စွယ်တားမြစ်မှုဟာ ဒေသတွင်း တရားမဝင် ဆင်စွယ်ဈေးကွက်ကို အရှိန်ကျစေခဲ့ပြီး ဆင်စွယ်ဈေးကွက်ကို ရပ်တန့်ပစ်နိုင်ဖို့အတွက် တရုတ်နိုင်ငံက အင်တိုက်အားတိုက် ဦးဆောင်နေပြီ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ ဆင်စွယ်မုဆိုးတွေ လျော့နည်းသွားစေမှာ ဖြစ်သလို ဆင်စွယ်လိုအပ်မှုကိုလည်း လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ သဘာဝဆင်ရိုင်းအကောင်ရေ လျော့နည်းလာတာကို ကာကွယ်ဖို့အတွက် တခြားတိုးတက်ဆဲနိုင်ငံနဲ့ တိုးတက်ပြီးနိုင်ငံတွေမှာလည်း ဆင်စွယ်ရောင်းဝယ်မှုတွေကို ရပ်တန့်ဖို့ တရုတ်သဘာဝတောရိုင်း စောင့်ကြည့်ရေးအဖွဲ့က တိုက်တွန်းခဲ့ပါတယ်။ ကမ္ဘာ့ဆင်စွယ်ဈေးကွက်ရဲ့ ၇၀ ရာခိုင်နှုန်းဟာ တရုတ်မှာဖြစ်ပေမယ့် ဒီလို တားမြစ်လိုက်တာဟာ ဆင်ရိုင်းတွေကို ကာကွယ်လိုတဲ့ဆန္ဒကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။ ဆင်စွယ်ထုတ်လုပ်ရောင်းဝယ်ရေးကို တရားဝင်ခွင့်ပြုထားတဲ့ နိုင်ငံတွေ အများကြီး ရှိသေးသလို အာဖရိကန်ဆင်တွေကို စီးပွားဖြစ် အမဲလိုက်တာကိုလည်း တချို့နိုင်ငံတွေမှာ မတားမြစ်ထားပါဘူး။ မကြာခင်မှာ တောဆင်ရိုင်းတွေကို ကာကွယ်ဖို့အတွက် အဲဒီနိုင်ငံတွေက သူတို့ရဲ့မူဝါဒတွေကို ပြောင်းလဲနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း သဘာဝတောရိုင်းစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ တရုတ်နိုင်ငံက တောဆင်ရိုင်းနဲ့ တခြား တောရိုင်းသဘာဝကာကွယ်ရေးအတွက်သုံးဖို့ အာဖရိကနိုင်ငံတွေကို အမေရိကန်ဒေါ်လာ ၁၀ သန်း ကူညီထားတယ်လို့ တရုတ်သစ်တော အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီအပြင် သဘာဝသစ်တောကာကွယ်ရေးဆိုင်ရာ သင်တန်းတွေလည်း တရုတ်နိုင်ငံကနေ အာဖရိကနိုင်ငံတွေကို ကူညီပေးသွားမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up