တရုတ်နိုင်ငံကို တရားမဝင် အလုပ်သွားလုပ်ရာက ဒုက္ခရောက်ပြီး နေရပ်ပြန်ရောက်လာတဲ့ မြန်မာနိုင်ငံသား ရွေ့ပြောင်းအလုပ်သမား ၂၃ ဦးကို စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်က ထောက်ပံ့ ငွေပေးအပ်လိုက်ပါတယ်။
၂၀၁၈ ခုနှစ် အောက်တိုဘာလကုန်ပိုင်းကနေ လူခေါ်ပွဲစားကတဆင့် အထည်ချုပ်စက်ရုံမှာ တလကို ကျပ် ၆ သိန်းနဲ့ အလုပ်လုပ်ရမယ်ဆိုပြီး တရုတ်-မြန်မာနယ်စပ် ချင်းရွှေဟော် ဂိတ်ကနေ တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဘုတလင်မြို့နယ်၊ ဒီပဲယင်းမြို့နယ်တို့က အလုပ်သမားတွေ ဒုက္ခရောက်ပြီး ၆ လအကြာမှာ နေရပ်ပြန်လာနိုင်ခဲ့ တာပါ။
အခက်အခဲတွေ အမျိုးမျိုးကြားကနေ ဧပြီ ၂၃ ရက် မနက်အစောပိုင်းက နေရပ်ပြန်ရောက်လာတဲ့ အလုပ်သမား ၂၃ ယောက်ကို မုံရွာမြို့ ပြည်သူ့အားကစားကွင်းမှာ ဝန်ကြီးချုပ်ဦးဆောင်တဲ့ အစိုးရအဖွဲ့က ခေါ်ယူတွေ့ဆုံခဲ့ပြီး ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို မေးမြန်းကာ တယောက်ကို ကျပ် တသိန်းစီနဲ့ လူမှုဝန်ထမ်းကနေ တယောက်ကို ကျပ် ၂၄၀၀၀ ၊ အဝတ်အစား၊ အစားအသောက်တွေ ထောက်ပံ့ပေးအပ် ကျန်းမာရေးစစ်ဆေးကာ နေရပ်ကို ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။
အလုပ်သမားတွေထဲမှာ အသက်အငယ်ဆုံး ၂၀ နှစ်ကနေ ၄၃ နှစ်ထိပါဝင်ပြီး အမျိုးသမီး ၈ ဦး၊ အမျိုးသား ၁၅ ဦးဖြစ်ပါတယ်။
အလုပ်သွားလုပ်စဉ်က တခြားသောနယ်က အလုပ်သမားတွေလည်း အများကြီး တွေ့ခဲ့ရပြီး အခက်အခဲတွေလည်း အားလုံး ကြုံနေကြရတယ်လို့ ဆိုပါတယ်။
ပွဲစားတွေပြောတဲ့အတိုင်းမဟုတ်ဘဲ ပင်လယ်ကမ်းစပ်ကိုပို့ကာ ခွေး၊ ရေဘဝဲ စတာတွေကို ရေခဲရိုက်ပေးရတဲ့ စက်ရုံတွေမှာ လုပ်ခဲ့ရပြီး တရက်လုံးမှ ၁ နာရီလောက်သာ အိပ်ခွင့်ပေးတာ၊ မဝရေစာကျွေးတာ၊ ပါလာတဲ့ ဖုန်းတွေ သိမ်းတာ၊ လုပ်ခမရှင်းပေးတာတွေဖြစ်ခဲ့ပြီး ကျန်းမာရေးမကောင်းရင်တောင်ဆွဲပြီး အတင်းအဓမ္မအလုပ်ခိုင်းတာတွေကြောင့် မနေနိုင်တဲ့ အတွက် စက်ရုံကထွက်ပြေးကာ ရဲစခန်းမှာ အကူအညီတောင်းခဲ့ရာကနေပြီး အခုလို ပြန်ခွင့်ရခဲ့တာလို့ နေရပ်ပြန်လာသူတွေကပြောပါတယ်။
ဘုတလင်မြို့နယ်၊ ဝက်ရဲရွာက နေရပ်ပြန် အမျိုးသမီးတဦးက "၁ လကို ၆ သိန်းနဲ့ ဂျင်းဘောင်းဘီစက်ရုံမှာ လုပ်ရမှာဆိုပြီး ပြောတော့ ကိုယ့်ရွာမှာနေလို့ အဲလောက်မဝင်တော့ အဆင်ပြေမယ်ထင်ပြီး လိုက်သွားမိတာ။ ဟိုရောက်မှ ပြောသလို မဟုတ်ဘဲ အခက်အခဲတွေ အများကြီး ကြုံခဲ့ရတယ်။ နောက်ထပ် ဘယ်တော့မှ မသွားတော့ဘူး။ ကိုယ့်ပတ်ဝန်းကျင်က သွားမယ့်လူတွေရှိရင်လည်း မသွားဖို့ ပြောမယ်။"လို့ ပြောပါတယ်။
ကနီမြို့နယ်မှ နေရပ်ပြန်တဦးကလည်း "အရင် စက်ရုံမှာ အစားဆင်းရဲ၊ အနေဆင်းရဲနဲ့ ဆက်သွယ်ရေးတွေဖြတ်ပြီး ၃ လလောက်နေတဲ့အထိ လုပ်အားခမရဘူး။ ဒါနဲ့ မဖြစ်တော့ဘူးဆိုပြီး ထွက်ပြေးကြတယ်။ အတူသွားတုန်းက ပုလဲက ၆ ယောက်ကတော့ ထွက်ပြေးပြီး သူတို့ကတော့ အစောကြီး ပြန်လွတ်သွားတယ်။ ကျွန်တော်တို့လည်း မဖြစ်တော့ဘူးဆိုပြီး ရဲစခန်းသွား အဖမ်းခံတာ။ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ။ အဲဒီကနေ ရဲတွေက တည်းခိုခန်းမှာထားတယ်။ မတ်လ ၂၁ ရက်နေ့ထိ။ အကျယ်ချုပ်ပုံစံပေါ့။ နောက်တော့ ကြက်သားစက်ရုံတခုမှာ တလ ၆၀ နဲ့ လုပ်ရလို့ အဆင်ပြေခဲ့တယ်။ ဧပြီလ ၁၇ ရက်နေ့ထိပေါ့။ ၁၉ ရက်နေ့မှာတော့ ၁ ယောက် တရုတ်ငွေ ၁၉၀၀ လောက်ရတယ်။ ဒါနဲ့ပြန်ခဲ့ရတာ။"လို့ ပြောပါတယ်။
ဝက်ရဲကျေးရွာက ကိုအောင်ဆန်းမင်းကတော့ "လုပ်တာကတော့ ရေဘဝဲ၊ ခွေ၊ အာလူးစက်ရုံတွေမှာလုပ်ရတယ်။ ပြန်ခါနီးတော့ ကြက်သားစက်ရုံမှာ။ အခုပြန်ခဲ့တာက အယောက် ၃၀ ပေါ့။ ကြံခင်းမြို့နယ်က ၅ ယောက်က ချင်းရွှေဟော်မှာ လမ်းခွဲခဲ့တယ်။ နေပြည်တော် တပ်ကုန်းက ၂ ယောက်ကတော့ လားရှိုးမှာ လမ်းခွဲတာ။ ဒီကိုတော့ ကနီက ၅ ယောက်၊ ဘုတလင်က ၁၆ ယောက်၊ ဒီပဲယင်းက ၂ ယောက် ပြန်လာတာပါ။"လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း စစ်ကိုင်းတိုင်းအတွင်းက အလုပ်သမား ၄၅ ယောက်အဖွဲ့နဲ့ ၁၅ ယောက် အဖွဲ့ ၂ဖွဲ့ကို တိုင်းအစိုးရကနေ ကူညီကာ နေရပ်ပြန်ရောက်အောင် လုပ်ဆောင်ခဲ့ရပါသေးတယ်။
တရုတ်နယ်စပ်ဂိတ်တွေဖြစ်တဲ့ မန်ဝိန်းဂိတ်နဲ့ ချင်းရွှေဟော် ဂိတ် ၂ ခုထဲကတင် လူကုန်ကူးခံရတာမဟုတ်ဘဲ တရုတ်ရဲတပ်ဖွဲ့က ပြန်လည် လွှဲပြောင်းပေးတာ ၂၀၁၈ ခုနှစ်မှာတင် စစ်ကိုင်းတိုင်းက ၁၅၀၀ ဦးကျော် ရှိတယ်လို့ လူကုန်တားစာရင်းတွေအရ သိရပါတယ်။ ဖေဖော်ဝါရီလအတွင်းကလည်း ပုလဲမြို့နယ်က ၆ ယောက် နေရပ်ပြန်ခဲ့ပါသေးတယ်။
နောက်ထပ်လည်း တရားမဝင်အလုပ်သွားလုပ်နေသူတွေ အများကြီးရှိနေသေးပြီး တိုင်းအစိုးရကို အကူအညီတောင်းခံထားတာတွေလည်း ရှိနေကာ ပြန်လည် ကယ်ထုတ်နိုင်ရေး လုပ်ဆောင်နေပါတယ်။
တရားမဝင်အလုပ်သွားလုပ်တာဖြစ်ပေမယ့် ကိုယ့်နိုင်ငံသား သူများနိုင်ငံမှာ ဒုက္ခရောက်နေရင် ကူညီကယ်ဆယ်ရမှာ တာဝန်ရှိတယ်လို့ စစ်ကိုင်းတိုင်း နယ်လုံဝန်ကြီးက ပြောဆိုထားပါတယ်။
ပြည်သူတွေအနေနဲ့လည်း တရုတ်နိုင်ငံကိုဆိုရင် လူခေါ်ပွဲစားတွေက ဘယ်လိုပြောပြော မလိုက်ကြဖို့ နီးစပ်ရာကိုလည်း တိုက်တွန်းသွားမယ့်အပြင် အခုကိစ္စကိုလည်း အမှုဖွင့်သွားမယ်လို့ ပြန်ရောက်လာသူတဦးကလည်း ပြောပါတယ်။
2 years Ago