တရုတ်နိုင်ငံတွင်

November 26, 2016

တရုတ်နိုင်ငံတွင် တည်ဆောက်ဆဲ လျှပ်စစ်ဓာတ်အားပေးစက်ရုံပြိုကျ၊ သေဆုံးသူ ၇၄ ဦးထိရှိ

တရုတ်နိုင်ငံအရှေ့ပိုင်းက တည်ဆောက်ဆဲ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ပြိုကျခဲ့လို့ သေဆုံးသူ ၇၄ ဦး ရှိပြီလို့ အစိုးရမီဒီယာက သောကြာနေ့မှာ ကြေညာပါတယ်။ တရုတ်ဘေးကင်းမှု စုံစမ်းစစ်ဆေးရေးချုပ်လည်း စုံစမ်း စစ်ဆေးမှုကို ကြီးကြပ်ဖို့ ရောက်နေပြီလို့ ပြောပါတယ်။ တရုတ်နိုင်ငံတွင်း လုပ်ငန်းခွင်မှာ လူသေတဲ့ မတော်တဆမှုက ဖြစ်နေကျပါ။ စံချိန်စံညွှန်း လျော့မှုအပေါ် ဒေါသတွေ တိုးလာနေပါတယ်။ ဆယ်စုနှစ်ချီ စီးပွားရေး အမြန်တိုးလာတဲ့ တရုတ်နိုင်ငံမှာ သတ္တုတွင်း ကပ်ဘေးကနေ စက်ရုံ မီးဘေးထိ မတော်တဆမှု ပေါင်းစုံနဲ့ နာမည်ဆိုး ထွက်ခဲ့ပါတယ်။ ကြာသပတေးမနက်က ကျန်းရှီးပြည်န် ဖန်ချန်မြို့မှာ ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံအတွက် အအေးပေး မျှော်စင် ဆောက်နေတုန်း ပြိုကျခဲ့ပါတယ်။ သေဆုံးသူ ၇၄ ဦးထဲ က ၆၈ ဦးက ဘယ်သူဘယ်ဝါ ဆိုတာ ဖော်ထုတ် နိုင်ခဲ့ပြီလို့ ဆင်ဟွာ သတင်းဌာနက ပြောပါတယ်။ လုပ်ငန်းခွင် ဘေးကင်းရေး စီမံရေးရုံး အကြီးအကဲ ယန်ဟွမ်နင်းလည်း အခင်းဖြစ်ရာကို ရောက်လာပြီး သက်သေတွေကို စုဆောင်းတာနဲ့ စုံစမ်းစစ်ဆေးတာကို ကြီးကြပ်ခဲ့တယ်လို့ တရုတ် ပြည်သူ့နေ့စဉ် သတင်းစာက ပြောပါတယ်။ အဲဒီနောက် တရုတ် တနိုင်ငံလုံးက ဌာနတွေနဲ့ အရေးပေါ် အစည်းအဝေး ကျင်းပပြီး မမြင်ရတဲ့ အန္တရာယ်တွေကို အမြစ်ကနေ တူးထုတ်ဖို့ သင်ခန်းစာ ယူရေးနဲ့ ပြည်သူ ဘေးကင်းမှု သေချာစေရေး ဆွေးနွေး ခဲ့တယ်လို့ သတင်းစာက ပြောပါတယ်။
6 years Ago

October 23, 2016

တရုတ်နိုင်ငံတွင် စက်ရုပ်ပြပွဲကျင်းပ၊ စက်ရုပ်လုပ်ငန်းရှင်များ တက်ရောက် (ရုပ်သံ)

၂၀၁၆ စက်ရုပ်ပြပွဲကို တရုတ်နိုင်ငံမှာ ကျင်းပနေရာပြီး အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ အစ္စရေးတို့က စက်ရုပ်လုပ်ငန်းရှင်တွေ တက်ရောက်နေပါတယ်။ နောက်ဆုံး နည်းပညာတွေကို အသုံးပြုထားတဲ့ စက်ရုပ်တွေကို ပြသထားတဲ့အတွက်လည်း လူအများအတွက် စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။ အားလုံးထဲမှာ သက်ရှိလူသားတယောက်ကို တုပ ဖန်တီးထားတဲ့ စက်ရုပ်လူသားကတော့ အားလုံးရဲ့  အာရုံကို အဖမ်းစား နိုင်ဆုံး ဖြစ်ပါတယ်။ ဘက်မင်တန် ကစားရာမှာ အဖော်လုပ်လို့ရတဲ့ စက်ရုပ်ကလည်း လေ့လာသူတွေအတွက် အသစ်အဆန်း တခု ဖြစ်နေပါတယ်။ ဒီ စက်ရုပ်ရဲ့ လက်နှစ်ဖက်မှာ အာရုံခံနိုင်တဲ့ စနစ်တွေ တပ်ဆင်ထားပြီး၊ အီလက်ထရောနစ် မျက်လုံးလည်း ရှိပါတယ်၊  အပျော်တမ်း ဘက်မင်တန် ကစားသမားတယောက်အနေနဲ့ ဒီစက်ရုပ်ကို အဖော်လုပ်ပြီး ကစားနိုင်တယ်လို့ စက်ရုပ်ရဲ့ ဆောဝဲ အင်ဂျင်နီယာ ကျောက်ကျိ က ဆိုပါတယ်။ စက်ရုပ်လိပ်ပြာ၊ စက်ရုပ်ငှက် တို့ကိုလည်း ပြပွဲမှာ တွေ့နိုင်ပါတယ်။ တကယ့် လိပ်ပြာ၊ ငှက်တို့နဲ့ မခြား ပျံနိုင်ပြီး အရွယ်အစားကတော့ ပိုကြီးမားပါတယ်။ ဒါ့အပြင် ပရိသတ်တွေကို ပျော်ရွှင်ရယ်မောစေတဲ့ အက စက်ရုပ်တွေလည်း ပါဝင်ပါတယ်။ အဓိက အားဖြင့် ပညာပေး လုပ်ငန်းတွေမှာ အသုံးပြုဖို့ ရည်ရွယ်တယ်လို့ တီထွင်သူတွေက ဆိုပါတယ်။ ဒီ စက်ရုပ်ပြပွဲကို ကြာသာပတေးနေ့က စလို့ ဘေဂျင်းမြို့တော်မှာ ကျင်းပနေတာ ဖြစ်ပါတယ်။
6 years Ago
Up