တရုတ်ဂြိုဟ်တု

October 8, 2015

စီးပွားရေးအတွက် သုံးရန် တရုတ်အစိုးရ ဂြိုဟ်တု လွှတ်တင်

တရုတ်အစိုးရဟာ စီးပွားရေးအတွက်သုံးဖို့ ဂြိုဟ်တုလေးလုံး ပါဝင်တဲ့ ကျိလင် အမှတ်တစ် ဂြိုဟ်တုကို အောက်တိုဘာ ၇ ရက်နေ့က အာကာသထဲ လွှတ်တင်လိုက်ပါတယ်။ ကမ္ဘာဂြိုဟ်ကို လေ့လာဖို့ ပုံရိပ်အရည်အသွေးမြင့် ဂြိုဟ်တုတလုံး၊ အာကာသ နည်းပညာသစ်ကို စမ်းသပ်ဖို့ တလုံးနဲ့ ရုပ်သံရိုက်ကူးဖို့ ၂ လုံး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဂြိုဟ်တုဟာ မြေပြင် အနိမ့်အမြင့်ပြ မြေပုံထုတ်ရေး၊ သတ္တုရင်းမြစ် ဖွံ့ဖြိုးရေး၊ ယာဉ်ကြောထိန်းသိမ်းမှု စောင့်ကြည့်ရေးနဲ့ အများပြည်သူ ကျန်းမာရေး အရေးပေါ် အခြေအနေတွေကို အရည်အသွေးမြင့် ရုပ်သံ ပုံရိပ်ဖမ်း နည်းပညာနဲ့ စမ်းသပ်မှာပါ။ ဒီဂြိုဟ်တုက ရိုက်ကူးထားတဲ့ ရုပ်ပုံတွေ၊ ရုပ်သံတွေကို ကမ္ဘာမြေပေါ်ကလူတွေ စမတ်ဖုန်းသုံးပြီး ရယူနိုင်မှာ ဖြစ်ပါတယ်။ ဒီဂြိုဟ်တုဟာ မြေပြင်ပေါ်က ပစ်မှတ်ကို ၂ မိနစ်ဆက်တိုက် ရုပ်သံ ရိုက်ကူးနိုင်တယ်၊ ကမ္ဘာပေါ်ကို တစက္ကန့်ကို ၁၃၀ မက်ဂါဘိုက် အမြန်နှုန်းနဲ့ ရုပ်သံတွေ ပြန်ပို့နိုင်တယ်လို့ ဂြိုဟ်တုကို ပုံစံထုတ်သူ ကျင်းကွမ်က ပြောပါတယ်။ ဒီဂြိုဟ်တုကို တရုတ်နိုင်ငံ ကျိလင်းခရိုင်က ထုတ်လုပ်ပြီး ဒီခရိုင်ဟာ တရုတ်နိုင်ငံရဲ့ ဝါအရင့်ဆုံး စက်မှုလုပ်ငန်း အခြေစိုက်နယ်မြေလည်း ဖြစ်ပါတယ်။ ဂြိုဟ်တုထုတ်လုပ်ရေး လုပ်ငန်းကို စီးပွားဖြစ် ထုတ်နေပြီး ၂၀၂၀ မှာ ဂြိုလ်တုအလုံး ၆၀ နဲ့ ၂၀၃၀ မှာ ဂြိုဟ်တုအလုံး ၁၃၇ ထိ လွှင့်တင်ဖို့ စီမံနေပါတယ်။
6 years Ago
Up