တရုတ် လေယာဉ်တင်သင်္ဘော လျောင်နင်းနဲ့ J 15 တိုက်လေယာဉ်တွေပါတဲ့ စစ်ရေး လေ့ကျင့်မှုတွေကို ဘိုဟိုင်ပင်လယ်မှာ ပြုလုပ်နေပါတယ်။
ဒီလေ့ကျင့်မှုကို တရုတ်ရေတပ်အကြီးအကဲ ဝူရှန်းလီက ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ကြီးကြပ်ကွပ်ကဲခဲ့တယ်လို့ တရုတ်အစိုးရမီဒီယာက အစီရင်ခံပါတယ်။
သူဟာ လေယာဉ်မှူးတွေနဲ့လည်း တွေ့ဆုံခဲ့ပြီး လေယာဉ်တင်သင်္ဘောရဲ့ လုပ်ငန်းလည်ပတ် ဆောင်ရွက်နိုင်စွမ်းကို ဘယ်လို အရှိန်မြှင့်နိုင်လဲဆိုတဲ့ မေးခွန်းကိုလည်း ဖြေခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေး စစ်တပ် နေ့စဉ် သတင်းစာက ဒီဇင်ဘာ ၂၅ ရက်နေ့ အစီရင်ခံပါတယ်။
တရုတ်ဟာ လေယာဉ်တင်သင်္ဘောကနေ တိုက်လေယာဉ်တွေ လုပ်ငန်းလည်ပတ်တဲ့ နေရာမှာ ပိုပိုပြီး ကောင်းလာနေတယ်၊ လေယာဉ်မှူးတွေကလည်း ယုံကြည်မှု ရှိကြပြီး ပျံသန်းလေ့ကျင့်မှု အရေအတွက်လည်း ပိုတိုးလာနေတယ်လို့ စစ်တပ်စာတမ်းက ဆိုပါတယ်။
လျောင်နင်း လေယာဉ်တင်သင်္ဘောဟာ တောင်တရုတ်ပင်လယ်က လေ့ကျင့်မှုတွေမှာလည်း ပါဝင်ခဲ့ပြီးပါပြီ။
တောင်တရုတ်ပင်လယ်ဟာ ဗီယက်နမ် မလေးရှား ဖိလစ်ပိုင် တိုင်ဝမ်နဲ့ ဘရူနိုင်းနိုင်ငံတွေနဲ့ တရုတ်ကြား ပိုင်နက် အငြင်းပွားနေတဲ့ ပင်လယ်ပါ။
တန်ချိန် ၈ သောင်းလေးတဲ့ လျောင်နင်း လေယာဉ်တင်သင်္ဘောကို အောင်အောင်မြင်မြင် လုပ်ငန်း လည်ပတ်နိုင်တာဟာ ပထမ ခြေလှမ်းလို့ ဆိုပါတယ် ၂၀၂၀ မှာ ပြည်တွင်းထုတ် လေယာဉ်တင်သင်္ဘောကို ပြည်တွင်းမှာ တာဝန်ပေးနိုင်တော့မယ်လို့ အစိုးရမီဒီယာတွေနဲ့ တချို့ စစ်ဘက် ပညာရှင်တွေက ယုံကြည်ကြပါတယ်။
ဒီလေယာဉ်တင်သင်္ဘောနဲ့ပတ်သက်တဲ့ အစီအစဉ်တွေကတော့ နိုင်ငံတော် လျှို့ဝှက်ချက် ဖြစ်တာမို့ နည်းနည်းပဲ သိရတာပါ။ နောက်ထပ် လေယာဉ်တင်သင်္ဘောတွေ ဆောက်နေတယ်ဆိုတဲ့ အချက်ကိုတော့ တရုတ်အစိုးရမီဒီယာက အရိပ်အမြွက် ပြောပါတယ်။
အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်ကတော့ တရုတ်အစိုးရဟာ လာမယ့် ၁၅ နှစ်အတွင်း လေယာဉ်တင်သင်္ဘောတွေ တသီတသန်း တည်ဆောက်လာနိုင်တယ်လို့ ဒီနှစ်အစောပိုင်းက အစီရင်ခံစာထဲမှာ ပြောခဲ့ပါတယ်။
7 years Ago