တရုတ်ရေတပ်သင်္ဘော ဂျပန်ရေပိုင်နက်တွင်း ၀င်ရောက်

June 15, 2016

တရုတ်ရေတပ်သင်္ဘော ဂျပန်ရေပိုင်နက်တွင်း ၀င်ရောက်

ဂျပန်နိုင်ငံအနောက်တောင်ပိုင်းရှိ ကူညီနိုရာဘူကျွန်းမြောက်ပိုင်းက ရေပြင်ပိုင်နက်ထဲကို တရုတ် ရေတပ်သင်္ဘောတစင်း ၀င်ရောက်ခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ၂၀၀၄ ခုနှစ်ကလည်း ၀င်ရောက်ဖူးတာမို့ ဒီတကြိမ်ဟာ တရုတ်ရေတပ်သင်္ဘော ဒုတိယအကြိမ် ဂျပန်ပိုင်နက်အတွင်း ၀င်ရောက်မှုအဖြစ် အတည်ပြုတာဖြစ်တယ်လို့ ကျိုဒိုသတင်းက ရေးပါ တယ်။ ၀န်ကြီးဌာနပြောခွင့်ရသူတွေက ဂျပန်နိုင်ငံက ပီ-၃ စီအမျိုးအစား ရေတပ်ကင်းလှည့်လေယာဉ်မှာ သတင်းအချက်အလက်စုဆောင်းတဲ့ ရေတပ်သင်္ဘောတစင်း မနက် ၃ နာရီခွဲမှာ ပေါ်လာတယ်လို့ ပြောပါတယ်။ သင်္ဘောဟာ နောက်ပိုင်းမှာ အရှေ့တောင်ဘက်ကို မောင်းနှင်ရွေ့လျားပြီး မိနစ်ကိုးဆယ်အကြာ မနက် ၅ နာရီမှာ ဂျပန်ရေပြင်ကနေ ထွက်ခွာသွားတယ်လို့ ပြောပါတယ်။ ၂၀၀၄ ခုနှစ်တုန်းက တရုတ်ရေတပ် နျူးကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောတစီးဟာ ဂျပန်ရဲ့ အစ်ရှိဂါကီကျွန်းအနီး ဂျပန်ရေပိုင်နက်ထဲကို ၀င်ရောက်ခဲ့ပါတယ်။ အဲဒီတုန်းက ဂျပန် ကာကွယ်ရေးဝန်ကြီးက ဒီအခြေအနေကို ဖော်ထုတ်ဖို့ အမိန့်ထုတ်ပြန်ခဲ့ပေမယ့် တစုံတရာ အရေးယူဆောင်ရွက်မှု တစုံတရာမပြုခဲ့ပါဘူး။ အခုဖြစ်ရပ်ကို ကွင်းဆင်းစစ်ဆေးပြီး ဘာရည်ရွယ်ချက်နဲ့ လာရောက်တယ်ဆိုတာ အဖြေရှာ သွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက တောင်တရုတ်ပင်လယ်တွင်းက ဂျပန်ထိန်းချုပ်ထားတဲ့ ဆင်ကာကူးကျွန်းအနီး ဂျပန်ရေပြင်ပိုင်နက် ထိစပ်ဇုန်အတွင်းကို တရုတ်ရေတပ်သင်္ဘောတစီး လာရောက်ခဲ့တာကြောင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကို ဆင့်ခေါ်ကန့်ကွက်ခဲ့ပါသေးတယ်။ လက်ရှိမှာ ဂျပန်အစိုးရထိန်းချုပ်ထားတဲ့ ဆင်ကာကူးကျွန်းစုတွေကို တရုတ်နဲ့ ထိုင်ဝမ်နိုင်ငံ တို့ကလည်း သူတို့ပိုင်နက်အဖြစ် ပြောဆိုနေကြပါတယ်။ နိုင်ငံတကာဥပဒေအရ အရပ်ဖက်သင်္ဘောတွေနည်းတူ စစ်ဘက်သင်္ဘောတွေဟာလည်း အမိန့်နဲ့ လုံခြုံမှုကို မချိုးဖောက်ရင် တခြားနိုင်ငံတွေရဲ့ ရေပြင်ပိုင်နက်ကို ဖြတ်သန်းခွင့်ရှိတယ်လို့ ဆိုပါတယ်။
5 years Ago
Up