တရုတ်ရေတပ်သင်္ဘောအုပ်စု

April 24, 2017

နိုင်ငံ ၂၀ ကျော်တွင် စံချိန်တင်ရပ်နားမည့် တရုတ်ရေတပ်သင်္ဘောအုပ်စု ထွက်ခွာ

နိုင်ငံ ၂၀ ကျော်မှာ စံချိန်တင်ရပ်နားမယ့် တရုတ်ရေတပ်သင်္ဘောအုပ်စုဟာ တရုတ်ဘဏ္ဍာရေးမြို့တော် ရှန်ဟိုင်းကနေ ထွက်ခွာလာပါပြီ။ ပစိဖိတ်သမုဒ္ဒရာ၊ အိန္ဒိယသမုဒ္ဒရာ၊ ပင်လယ်နီနဲ့ မြေထဲပင်လယ်တွေရဲ့ ကမ်းရိုးတန်းတွေမှာရှိတဲ့ နိုင်ငံ ၂၀ ကျော်ကို စံချိန်တင်ရပ်နားဖို့ တရုတ်ရေတပ်သင်္ဘော ၃ စီးပါတဲ့ သင်္ဘောအုပ်စုဟာ ရှန်ဟိုင်းမြို့ကနေ ထွက်လာတာပါ။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ရေတပ်ကို ဖွဲ့စည်းတာ ၆၈ နှစ်ပြည့် နှစ်ပတ်လည်အတွက် ရက်ပေါင်း ၁၈၀ ကျော်မယ့် ခရီးကို စံချိန်တင် စီစဉ်ခဲ့ပါတယ်။ ဒီသင်္ဘောအုပ်စုထဲမှာ ဒုံးကျည်သုံး ဖျက်သင်္ဘော ချန်းချွန်၊ ဒုံးကျည်သုံး တိုက်သင်္ဘော ကျင်းကျိုးနဲ့ ထောက်ပံ့ရေးသင်္ဘော ချောင်ဝ်ဟူတို့ ပါပါတယ်။ "စစ်ဆင်ရေးအတွက် သင်္ဘော ၃ စီးလုံးကို တရုတ်နိုင်ငံထဲမှာတင် တီထွင် တည်ဆောက်ထားတယ်။ ကျင်းကျိုးသင်္ဘောက မနှစ်ကမှ စပြီး တာဝန်ထမ်းဆောင်တယ်။ ဒီခရီးစဉ်ဟာ တခြား ရေတပ်တွေနဲ့ သဟဇာတဖြစ်တဲ့ သမုဒ္ဒရာတွေဖြစ်အောင် ဖန်တီးရေး ကျနော်တို့ဆန္ဒနဲ့ လိုလားချက်တွေကို ဖြည့်ဆည်းပေးဖို့ မျှော်လင့်တယ်" လို့ တရုတ်ရေတပ် အရှေ့တရုတ်ပင်လယ် တပ်မဟာရဲ့ ဒု-စစ်ဦးစီးမှူး ရှန်းဟောင်က ပြောပါတယ်။ တရုတ်ရေတပ်ဟာ ၁၉၈၅ ခုနှစ်က သမုဒ္ဒရာသွား ရေကြောင်းခရီးရှည်အတွက် သင်္ဘောအုပ်စုကို စေလွှတ်ဖူးပါတယ်။ ၂၀၁၅-၂၀၁၆ ခုနှစ်မှာတော့ ပစိဖိတ်၊ အိန္ဒိယနဲ့ အတ္တလန္တိတ်သမုဒ္ဒရာတွေတလွှား နိုင်ငံပေါင်း ၁၂ နိုင်ငံက ဆိပ်ကမ်းတွေဆီ ရပ်နားတဲ့ ပင်လယ်ရေကြောင်း ခရီးရှည်ကို စေလွှတ်ခဲ့ပါတယ်။
4 years Ago
Up