တရုတ်ရေတပ်သင်္ဘော

May 1, 2017

ချစ်ကြည်ရေးခရီးစဉ်အဖြစ် တရုတ်ရေတပ်သင်္ဘောအုပ်စု ဖိလစ်ပိုင် ရောက်ရှိ

တရုတ်ရေတပ်သင်္ဘောစုဟာ ချစ်ကြည်ရေး အလည်အပတ်ခရီးစဉ်နဲ့ ဖိလစ်ပိုင်နိုင်ငံကို ရောက်နေပါတယ်။ တရုတ်ရေတပ် သင်္ဘောအုပ်စုတစုဟာ ဖိလစ်ပိုင်နိုင်ငံကို ချစ်ကြည်ရေး ၃ ရက် ခရီးစဉ်အဖြစ် နိုင်ငံတောင်ပိုင်းက ဒါဗာအိုမြို့ကို ဧပြီ ၃၀ ရက်နေ့မှာ ရောက်လာတာပါ။ သူတို့ကို ဒါဗာအိုဆိပ်ကမ်းမှာ ကြိုဆိုရေးအခမ်းအနားနဲ့ ဧည့်ခံကြိုဆိုတယ်လို့ ဖိလစ်ပိုင်အစိုးရက ပြောပါတယ်။ "ဒီအလည်အပတ်ခရီးဟာ တရုတ်ရေတပ်နဲ့ ဖိလစ်ပိုင်ရေတပ်ကြား ဆက်ဆံရေး အားဖြည့်ဖို့ဖြစ်တယ်၊ ၂ နိုင်ငံကြား အပြန်အလှန် ဆက်ဆံရေးနဲ့ အစဉ်အလာ မိတ်ဘက်ဖြစ်မှု တိုးတက်ရေးအတွက်ပဲ" လို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ်နိုင်ငံရေးအရာရှိ မြောင်းဟွာက ဒီအခမ်းအနားမှာ မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောသွားပါတယ်။ ဒါဗာအိုမြို့တော်ဝန် ဆာရာ ဒူဒါတေကလည်း ဒီအလည်အပတ်ခရီးဟာ ၂ နိုင်ငံကြား ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖလှယ်ရေးတွေကို တိုးမြှင့်ပေးမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ ၂ နိုင်ငံကြား ငြိမ်းချမ်းရေးနဲ့ မိတ်ဘက်ဖြစ်မှုကို ဒီခရီးစဉ်က တိုးမြှင့်ပေးလိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း သူက ဆက်ပြောပါတယ်။ ခရီးစဉ်အတွင်း တရုတ်နဲ့ ဖိလစ်ပိုင် ၂ ဘက်လုံးက ရေတပ်သင်္ဘောတွေပေါ်ကို လွတ်လွတ်လပ်လပ် သွားရောက်လည်ပတ်တာကနေ ယဉ်ကျေးမှုနဲ့ အားကစားပြိုင်ပွဲတွေပါတဲ့ လှုပ်ရှားမှုတွေကို ကျင်းပသွားမှာ ဖြစ်ပါတယ်။
4 years Ago
Up