တရုတ်တောင်းဆို

May 19, 2018

တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပစ်ရပ်ကြရန် တရုတ်တောင်းဆို

မြန်မာနိုင်ငံ မြောက်ပိုင်းမှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြားက တိုက်ပွဲတွေကို အပစ်အခတ်ရပ်စဲဖို့ တရုတ်အစိုးရက တောင်းဆိုလိုက်ပါတယ်။ စစ်ပွဲတွေထဲမှာ တရုတ်နိုင်ငံသား ၃ ယောက် သေဆုံးခဲ့ရပြီးနောက်မှာတော့ တိုက်ပွဲအခြေအနေကို ထိန်းသိမ်းဖို့နဲ့ ချက်ချင်း အပစ်အခတ်ရပ်စဲကြောင်း ကြေညာဖို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက တောင်းဆိုလိုက်တာပါ။ တိုက်ပွဲအကျိုးဆက်တွေကြောင့် ဒုံးကျည် ၃ စင်းနဲ့ ကျည်လေကျည်လွင့်တွေ တရုတ်နယ်နိမိတ်ထဲ ကျရောက်ခဲ့တယ်လို့လည်း  တရုတ်နိုင်ငံက တရားဝင် ဝေပို လူမှုမီဒီယာမှာ ကာကွယ်ရေးဝန်ကြီးဌာနအကောင့်ကနေ သောကြာနေ့ နှောင်းပိုင်းမှာ တင်ထားတဲ့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။ ဒီကိစ္စကို အနီးကပ် အာရုံစိုက် စောင့်ကြည့်နေပါကြောင်းနဲ့ တရုတ်-မြန်မာနယ်စပ်တလျှောက် လှည့်ကင်းတွေနဲ့ လုံခြုံရေး အစီအမံတွေကိုလည်း အားကောင်းစေဖို့ လုပ်ဆောင်ထားကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။ တရုတ်စစ်တပ်ဟာ နယ်စပ်ထိန်းချုပ်ရေးတွေကို ခိုင်မာအားကောင်းအောင် ဆက်လုပ်သွားမှာဖြစ်ပြီး၊ နိုင်ငံတော် အချုပ်အခြာအာဏာ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ နိုင်ငံသားတွေရဲ့ အသက်နဲ့အိုးအိမ်စည်းစိမ် လုံခြုံဘေးကင်းရေးအတွက် ခိုင်ခိုင်မာမာ ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်သမျှ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
3 years Ago

April 13, 2017

မြောက်ကိုရီးယားအရေး ပြေပြေလည်လည်ဖြေရှင်းပေးရန် ဒေါ်နယ်ထရမ့်ကို တရုတ်တောင်းဆို

မြောက်ကိုရီးယားအရေးကို ပြေပြေလည်လည်ဆွေးနွေးဖြေရှင်းဖို့ တရုတ်သမ္မတ ရှီကျင်းဖျင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဧပြီ ၁၂ ရက်နေ့ မနက်ပိုင်းက ဖုန်းဆက် တောင်းဆိုတယ်လို့ တရုတ်အစိုးရပိုင်မီဒီယာက ကြေညာပါတယ်။ မြောက်ကိုရီးယားအရေး တရုတ်နိုင်ငံရဲ့ အကူအညီမပါဘဲ အမေရိကန်တနိုင်ငံတည်းနဲ့ အရေးယူဆောင်ရွက်ရမယ်ဆိုလည်း ၀န်မလေးဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီ ၁၁ ရက်နေ့က သူရဲ့ Twitter မှာ ရေးသားခဲ့တာပါ။ အမေရိကန်စစ်တပ်က လေယာဉ်တင်သင်္ဘောတစင်းနဲ့ တိုက်ရေယာဉ်အုပ်တအုပ်ကို ကိုရီးယားကျွန်းဆွယ်ကို စေလွှတ်ခဲ့အပြီး အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ တင်းမာမှုအရှိန် မြင့်တက်နေတာပါ။ မြောက်ကိုရီးယားနိုင်ငံကလည်း ဒီရေယာဉ်အုပ်လာရောက်တပ်စွဲမှုကို ဒေါသတကြီး တုံ့ပြန်ခဲ့ပြီး အမေရိကန်က ဘယ်လိုစစ်ပွဲမျိုး တိုက်ချင်သလဲ၊ အင်အားပြည့် ခုခံသွားမယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေနေ့တွေကပဲ တရုတ်သမ္မတ ရှီကျင်းဖျင်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဖလော်ရီဒါပြည်နယ်မှာ ပထမဆုံးတွေ့ဆုံချိန် မြောက်ကိုရီးယားအရေးကို ဆွေးနွေးခဲ့ကြတာပါ။ သမ္မတ ရှီကျင်းဖျင်ရဲ့ ဖုန်းဆက်တောင်းဆိုခဲ့မှုအပေါ် အိမ်ဖြူတော်ဘက်က တစုံတရာ တုံ့ပြန်ခြင်းတော့မရှိသေးပါဘူး။ တရုတ်နိုင်ငံက ကိုရီးယားကျွန်းဆွယ်အတွင်း နျူကလီးယားလက်နက်ဖြုတ်သိမ်းရေး၊ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းရေး၊ ပြဿနာတွေကိုလည်း ငြိမ်းငြိမ်းချမ်းချမ်း၊ ပြေပြေလည်လည်ဖြေရှင်းရေးတို့ကို အခိုင်အမာယုံကြည်ဖော်ဆောင်နေဆဲလို့ သမ္မတ ရှီကျင်းဖျင်က အမေရိကန်သမ္မတကို အလေးထားပြောဆိုခဲ့တယ်လို့ နိုင်ငံပိုင် စီစီတီဗွီကဖော်ပြပါတယ်။
4 years Ago
Up