တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်၊ ရှန်ကျန်းမြို့မှာ ဒီဇင်ဘာ ၂၀ ရက်နေ့က မြေပြိုမှုဖြစ်ပွားပြီး အဆောက်အဦပျက်တွေကြားမှာ ပျောက်ဆုံးနေသူ အနည်းဆုံး ၉၁ ဦးကို ရှာဖွေနေကြပါတယ်။
အလုပ်သမားတန်းလျား ၂ ခု အပါအ၀င် လူနေအဆောက်အဦ ၃၃ လုံး လဲပြိုပျက်စီးခဲ့ပြီး လူ ၉၀၀ လောက် ဘေးကင်းရာကို ပြောင်းရွှေ့စေခဲ့ရတာပါ။
မြေပြိုမှုဖြစ်ခဲ့တဲ့ ရှန်ကျန်းမြို့ဟာ တရုတ်နိုင်ငံရဲ့အကြီးဆုံးမြို့တွေထဲက တမြို့ဖြစ်ပြီး ဟောင်ကောင်နဲ့ ထိစပ်နေတဲ့ အဓိက စက်မှုဒေသကြီးလည်း ဖြစ်ပါတယ်။
ပြိုကျခဲ့တဲ့ အဆောက်အဦပုံတွေထဲက လူ ၄ ဦးကို အသေးအဖွဲဒဏ်ရာနဲ့ ကယ်တင်နိုင်ခဲ့ပါတယ်။
မြေပြိုမှုမဖြစ်ခင်ကတည်းက နေထိုင်သူအများစုကို ဘေးကင်းရာ ကယ်ဆယ်ခဲ့ပြီးဖြစ်တယ်လို့ ဒေသခံ ပြည်သူ့လုံခြုံရေးဌာန အာဏာရှိတဦးက ပြောဆိုပါတယ်။
မီးသတ်သမား ၁၅၀၀ လောက် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နေကြတယ်လို့ မြို့တော်အုပ်ချုပ်ရေးဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်က ဆောက်လုပ်ရေးလုပ်ငန်းတခုအတွက် မြေတွေတူးထားတဲ့ မြေပုံကြီး ပြိုကျပြီး စတုရန်းမီတာ ၃ သိန်း ၈ သောင်း ဧရိယာတခုလုံးကို ရွံ့မြေ ၃၂ ပေ အမြင့်က ဖုံးအုပ်သွားတာပါ။
ဘာကြောင့် လူနေအိမ်တွေအနားမှာ ဒီလောက် ကြီးမားတဲ့မြေပုံကြီးကို စုပုံထားတယ်ဆိုတာ မရှင်းလင်းသေးပါဘူး။
အနီးနားက အဆောက်အဦတွေပါ ပြိုကျခဲ့ပြီး အနီးက ဓာတ်ဆီဆိုင်တဆိုင်မှာပါ ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒေသခံသတင်းတွေက ဆိုပါတယ်။
တရုတ်နိုင်ငံမှာ အခုလို မတော်တဆမှုတွေကြောင့် မကြာခဏ လူသေဆုံးမှုတွေဖြစ်နေပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ Zhejiang ပြည်နယ်မှာ တောင်ပြိုမှုတခုမှာတော့ လူအနည်းဆုံး ၂၅ ဦး သေဆုံးခဲ့ပါတယ်။
7 years Ago