တရုတ်အလယ်ပိုင်းတွင် မိုးပိုနိုင်ဖွယ်ရှိ၊ အနီရောင် သတိပေးချက်ထုတ်ပြန်

July 5, 2017

တရုတ်အလယ်ပိုင်းတွင် မိုးကြီး ရေလျှံမှုကြောင့် လူ ၂၇ ဦး သေဆုံး

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်မှာ မိုးကြီး ရေလျှံတာကြောင့် လူ ၂၇ ဦးသေဆုံးပြီး ၈ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသအာဏာပိုင်တွေက ဇူလိုင် ၄ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ရေကြီးမှုကြောင့် လူဦးရေ ၁၁ သန်းကျော်ကို ထိခိုက်မှုရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလျံကျော်ဖိုး ဆုံးရှုံးခဲ့တယ်လို့ ဟူနန်ပြည်နယ်ရဲ့ ရေဘေးကယ်ဆယ်ရေးရုံးက ပြောပါတယ်။ ဟူနန်ပြည်နယ်တဝှမ်းလုံးမှာ ဇွန်လ ၂၂ ရက်နေ့ကနေ ၁၁ ရက်ဆက်တိုက် ရွာခဲ့တဲ့မိုးဟာ ပျမ်းမျှမိုးရေချိန် ၂၇၀ မီလီမီတာအထိ ရှိခဲ့ပါတယ်။ မြို့ပေါင်း ၁၄ မြို့နဲ့ ရွာပေါင်း ၁၆၀၀ ကော်ျမှာ ထိခိုက်မှုတွေ ဖြစ်ခဲ့ပြီး စိုက်ခင်းဧကပေါင်း ၂ သန်းကျော် ပျက်စီးခဲ့သလို အိမ်ခြေပေါင်း ၈ သိန်း ၇ သောင်းကျော် ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး လုပ်ငန်းတွေအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၄ သန်းကျော် ရှိနေပြီ၊ ယာယီတဲပေါင်း ၆ ထောင်ကျော် တည်ဆောက်ပေးထားပြီး ကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့ စစ်သား ၁ သောင်းခွဲနီးပါးက အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
6 years Ago

July 7, 2016

တရုတ်အလယ်ပိုင်းတွင် မိုးပိုနိုင်ဖွယ်ရှိ၊ အနီရောင် သတိပေးချက်ထုတ်ပြန်

ပြီးခဲ့တဲ့ရက်တွေအတွင်း မိုးတွေ ရက်ဆက်ရွာလို့ ရေကြီးရေလျှံနေတဲ့ တရုတ်နိုင်ငံ အလယ်ပိုင်းက ဟူပေးပြည်နယ် ၀ူဟန်မြို့မှာ လာမယ့်ရက်တွေမှာလည်း မိုးပိုရွာလာနိုင်ဖွယ်ရှိလို့ အနီရောင် သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ၀ူဟန်မြို့မှာ လူဦးရေ ၁၀ သန်းလောက်နေထိုင်ပြီး မြို့နေရာအများစုမှာလည်း ရေမြုပ်နေတာပါ။ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေ၊ လျှပ်စစ်မီးတွေ ပြတ်တောက်နေပြီး မြို့ခံတချို့ဟာ သူတို့အိမ်တွေထဲမှာ ပိတ်မိနေကြတာပါ။ အခုရက်ပိုင်းတွေအတွင်း တရုတ်နိုင်ငံတ၀န်း ရေကြီးရေလျှံမှုတွေနဲ့ လူ ၁၈၀ ကျော် သေဆုံးခဲ့ကြပါတယ်။ ကပ်လျက်ပြည်နယ်ဖြစ်တဲ့ အန်ဟွေးပြည်နယ်မှာလည်း မိချောင်းခေါင်းတိုတွေ မွေးမြူရေးခြံထဲက လွတ်မြောက်ကုန်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။ ၀န်ကြီးချုပ် လီခေ့ချောင်လည်း ၀ူဟန်မြို့ကို ရောက်ရှိလာပြီး အရေးပေါ် ထောက်ပံ့ပစ္စည်းတွေ ပေးဝေမှုတွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်မှုတွေကို ကြည့်ရှု အားပေးခဲ့ပါတယ်။ သမ္မတ ရှီကျင့်ပင်းက နိုင်ငံတ၀န်း ရေဘေး အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းတွေ အရှိန်မြှင့်လုပ်ဆောင်ဖို့ တရုတ်စစ်တပ်ကို ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။ လာမယ့်ရက်တွေအတွင်း လေတိုက်နှုန်းနဲ့ မိုးရွာသွန်းနှုန်းပါ များလာနိုင်တယ်လို့ ဒေသခံ မိုးလေ၀သဌာနက ကြေညာထားပါတယ်။
7 years Ago
Up