တရုတ်အမျိုးသား

April 27, 2019

ဗြောက်အိုးအဖောက်ကောင်းသဖြင့် လျော်ကြေးပေးရတော့မည့် တရုတ်အမျိုးသား

ဝမ်းမြောက်ဝမ်းသာစရာ ကိစ္စတခုအတွက် ဗြောက်အိုးဖောက်အောင်ပွဲခံခဲ့တဲ့ တရုတ်အမျိုးသားတဦးဟာ ဒီဗြောက်အိုးဖောက်မှုကြောင့်ပဲ စိတ်မကောင်းစရာ ဖြစ်ရပ်နဲ့ ရင်ဆိုင်ရပြီး လျော်ကြေးပေးရတော့မယ်လို့ ဧပြီ ၂၄ ရက်နေ့ OC သတင်းမှာဖော်ပြပါတယ်။ ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ နှစ်အစပိုင်းကဖြစ်ပွားခဲ့တာပါ။ ကိုင်နန်လို့ခေါ်တဲ့ တရုတ်နိုင်ငံ ဂျန်းဆုပြည်နယ် ရူဟွာမြို့မှာ နေထိုင်တဲ့ အမျိုးသားတယောက်ဟာ သူ့အိမ်ကို ပြင်ဆင်ပြီးတဲ့ အထိမ်းအမှတ်အနေနဲ့ အလုပ်သမားတွေနဲ့အတူ ဗြောက်အိုးတွေအတွဲလိုက်ဖောက်ကာ ပွဲခံခဲ့ပါတယ်။ သူတို့ဗြောက်အိုးဖောက်တဲ့ အချိန်ဟာ သုံးလေးမိနစ်သာ ကြာမြင့်ခဲ့ပေမယ့် ဗြောက်အိုးသံတွေက သူ့အိမ်ဘေးမှာရှိတဲ့ ယုန်မွေးမြူရေးခြံထဲက ယုန်ကောင်ရေပေါင်း ၁၀၀၀၀ ကျော်ကို သေဆုံးသွားစေခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ကိုင်နန်ရဲ့ အိမ်နီးချင်း ယုန်မွေးမြူရေးခြံပိုင်ရှင်က ဒေသတွင်း တရားရုံးတခုကို တိုင်ကြားခဲ့ပြီး လျော်ကြေးငွေ ရယူလိုမှုနဲ့ တရားစွဲခဲ့ပါတယ်။ ကျယ်လောင်လှတဲ့ ဗြောက်အိုးသံတွေကြောင့် ယုန်ပေါက် အကောင် ၁၀၀၀၀ နဲ့ ယုန်ကြီး ၁၅၇၃ ကောင်သေဆုံးကာ ကိုယ်ဝန်ဆောင် ယုန်မတွေလည်း သားလျောမှုတွေဖြစ်ပွားခဲ့တယ်လို့ ခြံပိုင်ရှင်က ပြောပါတယ်။ ဒါ့ကြောင့် တရားသူကြီးက ကိုင်နန်းကို လျော်ကြေးငွေ ယွမ် ၄၄၀၀၀၀ ပေးချေဖို့ ဆုံးဖြတ်ခဲ့ပြီး ကိုင်နန်ဘက်ကတော့ ဒီအမှုကို အယူခံဝင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့အတွက် ကံမကောင်းခဲ့တာက အယူခံတရားရုံးကလဲ သူ့အယူခံကို ပယ်ချခဲ့ပြီး တရားရုံးဆုံးဖြတ်ချက်အတိုင်း လျော်ကြေးပေးချေဖို့ အခုနှစ် ဧပြီလ ၂၂ ရက်မှာ ဆုံးဖြတ် ချက်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
3 years Ago

October 27, 2018

စတီးဇွန်းရှည်ကို လည်ချောင်းထဲမြိုချ၍ ၁ နှစ်ကျော်ကြာနေထိုင်ခဲ့သည့် တရုတ်အမျိုးသား

တရုတ်နိုင်ငံက အမျိုးသားတယောက်ဟာ လည်ချောင်းထဲမှာ ရှစ်လက်မအရှည်ရှိတဲ့ စတီးဇွန်းတချောင်းကိုမြိုချပြီး တကျော်ကြာနေထိုင်ခဲ့တယ်လို့ OC သတင်းမှာဖော်ပြပါတယ်။ ဒီအမျိုးသားဟာ တရုတ်နိုင်ငံ ရှင်ကျန်းဒေသကဖြစ်ပြီး သူ့နာမည်ကိုတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။ သူဟာ ပြီးခဲ့တဲ့ တနှစ်ကျော်က သောက်ပွဲစားပွဲတခုမှာ သူငယ်ချင်းတွေနဲ့ အလောင်းအစား တခုလုပ်ပြီး ဇွန်းကိုမြိုချခဲ့တာဖြစ်ပြီး သူရဲ့နဂိုအစီအစဉ်က ဇွန်းကို လည်ချောင်းထဲမှာ သိမ်းထားဖို့တော့ မဟုတ်ပါဘူး။ သူဟာ ဇွန်းရဲ့လက်ကိုင်ကို ကြိုးနဲ့ချည်ပြီး ဇွန်းကိုမြိုချဖို့ ကြံစည်းခဲ့တာဖြစ်ပြီး တကယ် လက်တွေ့လုပ်ချိန်မှာတော့ စီစဉ်ထားသလိုမဖြစ်ခဲ့ဘဲ ဇွန်းဟာ သူ့လည်ချောင်းထဲမှာ ကျသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်သွားချိန်မှာ အမျိုးသားဟာ ဆေးရုံ၊ ဆေးခန်းတို့ကို အမြန်သွားရမယ့်အစား ဇွန်းက သူ့ကို ဘယ်လိုသက်ရောက်မှု ရှိစေလဲဆိုတာ စောင့်ကြည့်ခဲ့ပြီး လည်ချောင်းထဲက ဇွန်းက သူ့ရဲ့ စားသောက်နေထိုင်မှုဘဝကို ဘာမှမဖြစ်စေဘူးဆိုတာ သေချာချိန်မှာတော့ ဒီဇွန်းကို ဒီအတိုင်းပဲ ဆက်ထားဖို့ ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုနဲ့နေပြီး တနှစ်ကျော်အကြာ ပြီးခဲ့တဲ့ရက်ပိုင်းက ဒီအမျိုးသားဟာ ရင်ဘတ်ကို အထိုးခံခဲ့ရပြီး အဲဒီနောက်မှာတော့ သူ့ရင်ဘက်က မခံမရပ်နိုင်အောင်အောင့်ကာ အသက်ရှူမဝတဲ့ ဝေဒနာကိုပါ ခံစားခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ရှင်ကျန်းမဲခေါင်ဆေးရုံကိုသွားခဲ့ပြီး သူ့အခြေအနေကို ဆရာဝန်တွေထံ ပြောပြခဲ့ပါတယ်။ “ဆွံ့အသွားခဲ့ရပါတယ်။ အဲလိုအဖြစ်မျိုး တခါမှမကြုံခဲ့ဖူးပါဘူး” လို့ သူ့ကိုကုသပေးခဲ့ရတဲ့ ဒေါက်တာ ယူရှီဝူကပြောပါတယ်။ ဆရာဝန်တွေ စစ်ဆေးမှုလုပ်ပြီးချိန်မှာတော့ ဒီဇွန်းဟာ အမည်မဖော်လိုသူ အမျိုးသားရဲ့ အစာပြွှန်ကို ဆိုးဆိုးရွားရွား ထိခိုက်နေတာကို တွေ့ခဲ့ရပြီး သူ့လည်ချောင်းထဲက ဇွန်းကို နှစ်နာရီကျော်ကြာ ကြိုးစားဖယ်ရှားပေးခဲ့ရပါတယ်။ ဖယ်ရှားမှုပြီးချိန်မှာတော့ ဒီအမျိုးသားဟာ အလျင်အမြန် ပြန်လည်သက်သာလာပြီလို့လည်း ဆေးရုံက ထုတ်ပြန်တဲ့ ကြေညာချက်တစောင်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီဖြစ်ရပ်ဟာ ရှားရှားပါးပါး ကြုံတောင့်ကြုံခဲ ကိစ္စတခုဖြစ်ပေမယ့် တကြိမ်တခါမှ မဖြစ်ဖူးတဲ့ အခြေအနေတော့ မဟုတ်ပါဘူး။ ဒီလိုဖြစ်ရပ်မျိုး ၂ဝ၁၅ ခုနှစ်မှာ တကြိမ်ဖြစ်ပွားခဲ့ဖူးတယ်လို့ သိရပြီး ဒီဖြစ်ရပ်မှာတော့ ခေါက်ဆွဲကို မြန်မြန်စားဖို့ ကြိုးစားတဲ့ အမျိုးသမီးတယောက်ဟာ ခေါက်ဆွဲဖတ်တွေနဲ့အတူ ဇွန်းကို မြိုချမိခဲ့တာလို့ Mail Online သတင်းမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
3 years Ago
More News
Up