တရုတ်သမ္မတ၏

January 21, 2018

တရုတ်သမ္မတ၏ နိုင်ငံရေးအတွေးအခေါ်ကို အခြေခံဥပဒေတွင် ထည့်သွင်းမည်

တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ နိုင်ငံရေးအတွေးအခေါ်တွေကို တရုတ်ကွန်မြူနစ်ပါတီ အခြေခံဥပဒေထဲမှာ ထည့်သွင်းခဲ့ပြီးနောက် အခုထပ်မံပြီး တနိုင်ငံလုံးနဲ့ဆိုင်တဲ့ အခြေခံဥပဒေထဲမှာ ထည့်သွင်းရေးသားဖော်တော့မယ်လို့ တရုတ်အစိုးရပိုင် သတင်းမီဒီယာက ဇန်နဝါရီ ၁၉ ရက်မှာ ဖော်ပြထားပါတယ်။ ရှီကျင့်ဖျင်ရဲ့ နိုင်ငံရေးအတွေးအခေါ်ကို ပြီးခဲ့နှစ်က ကွန်မြူနစ်ပါတီရဲ့ အခြေခံဥပဒေမှာ ထည့်သွင်းဖော်ပြခဲ့တာဖြစ်ပြီး အခုလို တနိုင်ငံလုံးနဲ့ဆိုင်တဲ့ အခြေခံဥပဒေမှာ ထည့်သွင်းဖော်ပြနိုင်ခြင်းအားဖြင့် သူ့ရဲ့ အာဏာကို ပိုမိုပြီး အခိုင်အမာ တည်ဆောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ၅ နှစ်တစ်ကြိမ် ကျင်းပတဲ့ တရုတ်ကွန်မြူနစ်ပါတီကွန်ဂရက်ကို ၂၀၁၇ အောက်တိုဘာလက ကျင်းပခဲ့ပြီး၊ ကွန်ဂရက်က ခေတ်သစ်တရုတ်ပြည်အတွက်  တရုတ်စရိုက်လက္ခဏာနဲ့ ကိုက်ညီတဲ့ ဆိုရှယ်လစ်စနစ်နဲ့ ပတ်သက်ပြီး တရုတ်သမ္မတရှီကျင်ဖျင်ရဲ့နိုင်ငံရေးအတွေးအခေါ်ကို ပါတီအခြေခံဥပဒေမှာ ထည့်သွင်းဖို့ ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာပါ။ ဘေးဂျင်းမြို့မှာ ကျင်းပပြုလုပ်တဲ့ တရုတ်အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ၂ ရက်တာ အစည်းအဝေးမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ အဲဒီ သီဝရီကို တနိုင်ငံလုံးနဲ့ဆိုင်တဲ့ အခြေခံဥပဒေမှာ ထည့်သွင်းဖို့ အဆိုပြုခဲ့တယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ ကွန်မြူနစ်ပါတီရဲ့ အခြေခံဥပဒေမှာ အရင်တရုတ်ခေါင်းဆောင်တွေဖြစ်ကြတဲ့  မော်စီတုန်းနဲ့ တိန့်ရှောင်ဖိန်တို့သာ သူတို့ အတွေးအခေါ်နဲ့ သီဝရီတွေကို ဖော်ပြခံခဲ့ရတာဖြစ်ပါတယ်။ ရှီကျင့်ဖျင်ရဲ့ နိုင်ငံရေးအတွေးအခေါ်ကို ပါတီအခြေခံဥပဒေမှာ အခုလို ရေးသားဖော်ပြနိုင်လိုက်တာဟာ မော်စီတုန်းနဲ့ တိန့်ရှောင်ဖိန်တို့အဆင့်ကို မြှင့်တင်လိုက်နိုင်တာလည်း ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up