ဆွစ်ဇာလန်နိုင်ငံ ဘန်းမြို့ကို ရောက်ရှိနေတဲ့ တရုတ်သမ္မတ ရှီကျင်းပင်ကို ဇန်နဝါရီ ၁၅ ရက်နေ့က တိဘက်အရေးလှုပ်ရှားသူ ၁၄ ဦး ကန့်ကွက်ဆန္ဒပြခဲ့တာကြောင့် ဆွစ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဥရောပရောက် တိဘက်လူငယ်အဖွဲ့ဝင်တဦးက “တိဘက်မှာရှိတဲ့ အခြေအနေက တနေ့တခြား ဆိုးလာနေပါတယ်။ ကျနော်တို့လူတွေ ဖိနှိပ်ခံနေရပါတယ်။ ထောင်ချခံနေရပါတယ်။ တရုတ်အစိုးရက တိဘက်တွေကို သတ်ဖြတ်နေပါတယ်။ ဆွစ်အစိုးရနဲ့ ဆွစ်ပြည်သူတွေ ကျနော်တို့ကို ဘယ်လိုဆက်ဆံနေသလဲဆိုတဲ့အပါ် စိုးရိမ်မိပါတယ်။ ဆွစ်အစိုးရဟာ အာဏာရှင် တရုတ်အစိုးရနဲ့ ကုန်သွယ်တော့မှာလား၊ ကျနော်တို့ကို လွတ်လပ်စွာ ဆန္ဒပြခွင့် မပေးတော့ဘူးလား။ ဒါ့ကြောင့် လူ့အခွင့်အရေးအကြောင်းပြောဖို့ ကျနော်တို့ ဒီကိုလာတာပါ။ တိဘက်ဒေသအကြောင်းပြောဖို့ ကျနော်တို့ ဒီကိုလာတာပါ” လို့ ပြောပြသွားပါတယ်။
တရုတ်သမ္မတ ရှီကျင်းပင်ဟာ ဆွစ်ဇာလန်နဲ့ နှစ်ဘက်အကျိုးတူကိစ္စတွေ ဆွေးနွေးဖို့အတွက် ဇန်နဝါရီ ၁၅ ရက်နေ့ကစလို့ ၄ ရက်ကြာခရီးစဉ်အဖြစ် ဆွစ်ဇာလန်ကို ရောက်ရှိနေတာဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
6 years Ago