တရုတ်လုံခြုံရေး ထိခိုက်မှုဖြင့် ဖမ်းဆီးထားသည့် ဆွီဒင်နိုင်ငံသားကို ပြည်နှင်ဒဏ်ပေး

January 27, 2016

တရုတ်လုံခြုံရေး ထိခိုက်မှုဖြင့် ဖမ်းဆီးထားသည့် ဆွီဒင်နိုင်ငံသားကို ပြည်နှင်ဒဏ်ပေး

တရုတ်နိုင်ငံရဲ့ လုံခြုံရေးကို ထိခိုက်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဆွီဒင်နိုင်ငံသားတဦးကို ဇန်န၀ါရီ ၂၆ ရက်နေ့က ပြည်နှင်ဒဏ် ပေးလိုက်ပြီလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာပါတယ်။ အသက် ၃၅ နှစ်အရွယ် ပီတာ ဒါလင်ဟာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တဦးဖြစ်ပြီး အခုလဆန်းပိုင်းက တရုတ်လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးရှေ့နေတွေ ဖမ်းဆီးခံရချိန်မှာ သူလည်း ဖမ်းဆီးထိန်းသိမ်းခံရတာပါ။ တရုတ်လူ့အခွင့်အရေး လှုပ်ရှားသူတွေကို သူ့အဖွဲ့အစည်းရဲ့ ထောက်ခံအားပေးမှုဟာ တရုတ်တရားဥပဒေကို ချိုးဖောက်မှု ဖြစ်ခဲ့တယ်လို့ ပြီးခဲ့တဲ့တပတ်က အစိုးရပိုင် မီဒီယာနဲ့ အင်တာဗျူးတခုမှာ ၀န်ခံပြောဆိုခဲ့တာပါ။ ပီတာဒါလင်ကို တရုတ်နိုင်ငံက ပြည်နှင်ဒဏ်ပေးခဲ့မှုကို ဆွီဒင်သံရုံးက အတည်ပြုပြောဆိုခဲ့ပြီး အသေးစိတ်တော့ မပြောဆိုခဲ့ပါဘူး။ ပီတာလွတ်မြောက်လာမှုကို ထောက်ခံကြိုဆိုပေမယ့် နောက်ထပ် ဆွီဒင်နိုင်ငံသားတဦး တရုတ်နိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ကိစ္စအတွက် စိုးရိမ်မကင်းဖြစ်တယ်လို့ ဆွီဒင် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပါတယ်။ တရုတ်လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ အစိုးရအတိုက်အခံ လူအခွင့်အရေးရှေ့နေတွေ ၂၈၀ ကျော်ကို တရုတ်အစိုးရက နိုင်ငံတော်လုံခြုံရေး ထိခိုက်ပျက်ပြားမှုစွဲချက်နဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အများစုတော့ ပြန်လွတ်လာကြပြီ ဖြစ်ပါတယ်။ တချို့လည်း အမှုရင်ဆိုင်နေရဆဲဖြစ်ပြီး တချို့လည်း ဘယ်နေရာမှာမှန်းမသိ ထိန်းသိမ်းခံထားရပါတယ်။ တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေးမှတ်တမ်း တိုးတက်ကောင်းမွန်လာရေးအတွက် တရားဥပဒေ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပါတယ်လို့ တရုတ်အစိုးရက ပြောဆိုနေပေမယ့် အခုလို တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးနေမှုဟာ အပြောနဲ့ လက်တွေ့ မညီဘူး ဖြစ်နေတယ်ဆိုပြီး သတင်းတွေမှာ ဖော်ပြကြပါတယ်။
6 years Ago
Up