တရုတ်ရဲအသုံးပြု

February 8, 2018

တရားခံမျက်နှာကို မှတ်မိသိရှိနိုင်သည့် နည်းပညာမြင့် နေကာမျက်မှန် တရုတ်ရဲအသုံးပြု

သံသယရှိ ပြစ်မှုကျူးလွန်ထားတဲ့ တရားခံတွေရဲ့ မျက်နှာပြင်တွေကို မှတ်မိသိရှိနိုင်တဲ့ နည်းပညာ အသုံးပြုထားတဲ့ နေကာမျက်မှန်တွေကို တရုတ်နိုင်ငံ ရဲတွေက စတင်အသုံးပြုနေပြီ ဖြစ်ပါတယ်။ အဲဒီမျက်မှန်ဟာ ပြစ်မှုကျူးလွန်သူတွေရဲ့ ရုပ်ပုံတွေ၊ သတင်းအချက်အလက်တွေ စုဆောင်းထားရှိရာ အင်တာနက်ဒေတာဘေ့စ်နဲ့ ချိတ်ဆက်ထားတာဖြစ်ပြီး ရဲတွေအနေနဲ့ လူအုပ်စုကြားမှာတောင် တရားခံကို လျင်မြန်စွာ မှတ်မိသိရှိနိုင်မယ်လို့ ဘီဘီစီသတင်းမှာ ဖောဖော်ဝါရီ ၇ ရက်နေ့က ဖော်ပြပါတယ်။ တရုတ်အစိုးရ သတင်းမီဒီယာတွေရဲ့ အဆိုအရ ဒီကိရိယာကို အသုံးပြုပြီး သံသယရှိတဲ့ တရားခံ ၇ ဦးကို ဖမ်းမိခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ရဲတွေဟာ ဒီနည်းပညာသစ်နဲ့အတူ ကျန်ကျိုးမြို့လယ်ခေါင် လူသူရှုပ်ထွေးတဲ့ မီးရထားဘူတာရုံမှာလည်း အသုံးပြုနေတာ ဖြစ်ပါတယ်။ ဖမ်းမိခဲ့တဲ့ တရားခံတွေထဲမှာ ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးတဲ့အမှုကနေ လူကုန်ကူးတာမျိုးတွေအထိ အမှုတွေနဲ့ လွတ်မြောက်နေတဲ့ တရားခံတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ဒီနည်းပညာသစ်အရ မျက်မှန်တပ်ဆင်ထားမယ်ဆိုရင် တရားခံကို တွေ့တာနဲ့ အလိုအလျောက် ဓာတ်ပုံရိုက်ထားနိုင်မှာဖြစ်ပြီး အင်တာနက် ဒေတာဘေ့စ်ပေါ်မှ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးကာ တကယ်လို့ ထပ်တူညီမယ်ဆိုရင် အချက်အလက်တွေကို ရဲအရာရှိဆီ ပို့ပေးမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တဖက်မှာလည်း အခုလို နည်းပညာအပေါ် စိုးရိမ်ပူပန်မှုတွေရှိနေကြပြီး ဒါကို အသုံးပြုကာ အစိုးရက သူတို့နဲ့ နိုင်ငံရေးအရ သဘောထားကွဲလွဲသူတွေ၊ ဒါမှမဟုတ် လူနည်းစုနေထိုင်သူတွေကို ခြေရာခံလိုက်နိုင်တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေတာပါ။ လက်ရှိမှာတော့ တရုတ်နိုင်ငံတဝှမ်း စီစီတီဗွီ ရုပ်သံကင်မရာ အလုံးရေ သန်း ၁၇၀ လောက် တပ်ဆင်ထားပြီးဖြစ်တယ်လို့ ခန့်မှန်းထားကာ လာမယ့် ၃ နှစ်အတွင်းမှာတော့ သန်း ၄၀၀ လောက်ထိ တပ်ဆင်နိုင်မယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
3 years Ago
Up