တရုတ်မိသားတစု

July 9, 2018

ဂျပန်ရေကြီးမှုကြောင့် တရုတ်မိသားတစု ပြည်တော်ပြန်ရေး အခက်ကြုံ

ဂျပန်နိုင်ငံမှာ နေထိုင်နေတဲ့ တရုတ်မိသားစုတစုဟာ ရေကြီးမြေပြိုမှုတွေ ကြုံတွေ့ခဲ့ပြီးနောက် ပြည်တော်ပြန်ရေး အခက်တွေ့နေပါတယ်။ ဇူလိုင် ၃ ရက်နေ့ကစလို့ ဂျပန်နိုင်ငံ အနောက်ပိုင်းမှာ မိုးကြီးပြီး ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီအတွက် အနည်းဆုံး လူ ၁ဝဝ သေဆုံးပြီး ၅ဝ ကျော် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ ရေဘေးသင့်ပြည်သူတွေထဲ ကူရာရှီကီမြို့မှာ ၃ နှစ်ကျော် နေထိုင်လာတဲ့ တရုတ်မိသားစု တစုလည်း ပါဝင်ပါတယ်။ “ဖြစ်ဖြစ်ချင်း ညီမက ညဝတ်အင်္ကျီနဲ့ ပြေးထွက်လာတာလေ။ ငလျင်လှုပ်တယ် ထင်ပြီးတော့ ကယ်ဆယ်ရေးစခန်းကို ကားနဲ့မောင်းပြေးတာပဲ။ ဒီအဝတ်အစားက အခုမှ ဝယ်လိုက်တာ။ ညီမတို့တွေ ရေမိုးချိုးပြီး အဝတ်အစားပြန်လဲလိုက်တာ။ အိမ်ပြန်ပြီး ရေကျသွားပြီလား ကြည့်ချင်တယ်” လို့ ဂျပန်နိုင်ငံမှာနေတဲ့ တရုတ်ကျောင်းသူ ဝမ်က ပြောပါတယ်။ ဝမ်ရဲ့ မိခင်ဖြစ်သူကလည်း “ကျမတို့က အမောတကောနဲ့ ပြေးတာဆိုတော့ ဘာမှကို  ယူမသွားမိဘူး။ အိမ်က ကားတစီးကလည်း ရေမြုပ်နေတာနဲ့ တခြားလမ်းကနေ မောင်းခဲ့ရတယ်။ လောလောဆယ် နေစရာ မရှိသေးသရွေ့တော့ ကယ်ဆယ်ရေးစခန်းမှာ နေရဦးမှာပဲ။ ဘယ်လောက်ဆုံးရှုံးလဲ မမှန်းတတ်သေးပါဘူး။ အိမ်သုံးပစ္စည်းတွေကတော့ ဘာမှကို သုံးမရတော့ဘူး။ အဲဒီထဲမှာ အဖိုးတန်ပစ္စည်းတွေလည်း ပါသွားတယ်” လို့ ဝမ်ရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။ ဇူလိုင် ၈ ရက်နေ့အထိ ကူရာရှီကီမြို့အတွင်း လူ ၁,ဝဝဝ ကျော် ပိတ်မိနေပြီး ၃ဝဝ ကျော်ဟာ ကယ်ဆယ်ရေး စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။ ဒီအတွက် ရေဘေးသင့်ပြည်သူ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။
3 years Ago
Up