တရုတ်မင်္ဂလာဆောင်တခုတွင် ရယ်စရာအဖြစ် စနောက်ရာမှ သတို့သား ဆေးရုံရောက်

October 10, 2017

တရုတ်မင်္ဂလာဆောင်တခုတွင် ရယ်စရာအဖြစ် စနောက်ရာမှ သတို့သား ဆေးရုံရောက် (ရုပ်သံ)

တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းခရိုင် မြို့တော်ဂွမ်ဂျိုးက မင်္ဂလာဆောင်တခုမှာ စနောက်တဲ့အနေနဲ့ သူငယ်ချင်းတွေက သတို့သားရဲ့ အနောက်ဘက်ကနေ မီးရှူးမီးပန်းတွေ ဖောက်ခဲ့လို့ သတို့သား ထိခိုက်ဒဏ်ရာရပြီး ဆေးရုံပို့လိုက်ရတယ်လို့ သိရပါတယ်။ မင်္ဂလာဆောင်နေ့မှာ သူငယ်ချင်းတွေက သတို့သားခန္ဓာကိုယ် နောက်ကျောမှာ မီးရှူးမီးပန်းဘူးကို တိပ်နဲ့ကပ်ပြီး လမ်းမီးတိုင်နဲ့ တွဲချည်ထားတာကို ရုပ်သံဖိုင်ထဲမှာ တွေ့ရပါတယ်။ သူ့ရဲ့အနောက်ဘက် တလျှောက်မှာလည်း မီးပန်းတွေကို အတန်းလိုက် စီချထားပါတယ်။ သူငယ်ချင်းတွေက မီးပန်းတွေကို ရှို့လိုက်ချိန် မီးခိုးတန်းထွက်လာပြီး သတို့သားကိုယ်ပေါ်က မီးရှူးမီးပန်းဘူးကို ပေါက်ကွဲစေခဲ့တာပါ။ မီးခိုးတွေရှင်းချိန်မှ သတို့သားကျောကုန်းမှာ သွေးထွက်နေတာကို သူငယ်ချင်းတွေက သိခဲ့သလို သတို့သားရဲ့ အဖြူရောင်ရှပ်အင်္ကျီနဲ့ ဘောင်းဘီပေါ်မှာလည်း သွေးတွေ စွန်းနေတာပါ။ သတို့သားကို ဆေးရုံအမြန်ပို့ဆောင် ဆေးကုသခဲ့ရပြီး ကံကောင်းစွာနဲ့ ဒဏ်ရာမပြင်းထန်လို့ အဲ့ဒီနေ့မှာပဲကျင်းပတဲ့ မင်္ဂလာပွဲကို တက်ရောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်ရိုးရာအရ မင်္ဂလာဆောင်နေ့မှာ စနောက်ကြတဲ့ အလေ့အထရှိပြီး အဲဒီသတို့သားကလည်း သူ့သူငယ်ချင်းတွေ စနောက်ဖို့ ခွင့်ပြုခဲ့တာပါ။ ဒီနေ့ခေတ် တရုတ်နိုင်ငံမှာ မင်္ဂလာဆောင်အတွင်း ကြမ်းကြမ်းတမ်းတမ်း စနောက်တာတွေ လျော့ကျလာပေမယ့် တချို့မင်္ဂလာစုံတွဲတွေကတော့ ခွင့်ပြုတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း သတို့သားတဦးကို သစ်ပင်မှာ ကြိုးနဲ့ချည်ပြီး မီးသတ်ဆေးရည်တွေနဲ့ ကြမ်းကြမ်းတမ်းတမ်း ပက်ဖျန်းခဲ့တဲ့ စနောက်မှုတခု ဖြစ်ခဲ့တယ်လို့ မေရာသတင်းမှာ အောက်တိုဘာ ၉ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up