တရုတ်ဘဏ်

September 15, 2015

တရုတ်ဘဏ် ကိုယ်စားလှယ်ရုံး ရန်ကုန်တွင်ဖွင့်လှစ်

တရုတ်နိုင်ငံ အစိုးရပိုင် အကြီးဆုံး ကူးသန်းရောင်းဝယ်ရေး ဘဏ်တွေထဲက တခုဖြစ်တဲ့ တရုတ်ဘဏ် (Bank of China) ကိုယ်စားလှယ်ရုံးကို ရန်ကုန်မြို့မှာ စက်တင်ဘာ ၁၄ ရက်နေ့က ဖွင့်လှစ်ခဲ့တယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ တရုတ်ဘဏ် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်မှုဟာ နှစ်နိုင်ငံ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းလုပ်ဆောင်နိုင်စေဖို့နဲ့ ငွေကြေးစနစ် ဖွံ့ဖြိုးရေးအတွက် အကျိုးကျေးဇူး ရလာနိုင်မှာ ဖြစ်တယ်လို့ အခမ်းအနား တက်ရောက်လာသူတွေက ပြောပါတယ်။ တရုတ်ဘဏ်ဟာ ၂၀၀၉ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ အကြီးဆုံး ငွေကြေးချေးသူဘဏ်နဲ့ ကမ္ဘာ့ပဉ္စမအကြီးဆုံး ငွေကြေးဈေးကွက် အရင်းအနှီး ဘဏ်တခုအနေနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။ တရုတ်ဘဏ် ကိုယ်စားလှယ်ရုံးကို ရန်ကုန်မြို့မှာ တရုတ်နိုင်ငံ စက်မှုလက်မှုနှင့် ကုန်သွယ်ရေးဘဏ် (အိုင်စီဘီစီ) ဘဏ်ခွဲဖွင့်လှစ်ပြီး တပတ်အကြာမှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အခြေစိုက် ကိုယ်စားလှယ်ရုံးတွေ ဖွင့်ထားတဲ့ နိုင်ငံခြားဘဏ်ခွဲ ၄၃ ခုထဲမှ တရုတ်နိုင်ငံ စက်မှုလက်မှုနှင့် ကုန်သွယ်ရေးဘဏ် (အိုင်စီဘီစီ) ဘဏ်အပါအ၀င် ဘဏ်ခွဲ ၉ ခုဟာ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလတည်းက လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရထားခဲ့တာပါ။ ဘဏ်တခုအနေနဲ့ ဖွင့်လှစ်ခွင့် လျှောက်ထားတဲ့အခါ အဲဒီဘဏ်ခွဲမဖွင့်ခင် ကိုယ်စားလှယ်ရုံးခွဲကို အရင်ဖွင့်လှစ်ရတယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ပြည်တွင်း ပုဂ္ဂလိကဘဏ် ၂၅ ခုနဲ့ အစိုးရဘဏ် ၄ ခု ရှိနေတာ ဖြစ်ပါတယ်။
6 years Ago

September 9, 2015

တရုတ် စက်မှုလက်မှုနှင့် ကုန်သွယ်ရေးဘဏ်ခွဲ မြန်မာနိုင်ငံတွင် ဖွင့်လှစ်

မြန်မာနိုင်ငံမှာ ပထမဆုံးဘဏ်ခွဲအဖြစ် တရုတ်နိုင်ငံ စက်မှုလက်မှုနှင့် ကုန်သွယ်ရေးဘဏ် (အိုင်စီဘီစီ) ကို ရန်ကုန်မြို့မှာ စက်တင်ဘာလ ၈ ရက်နေ့က ဖွင့်လှစ်ခဲ့တယ်လို့ ဆင်ဟွာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ခုလိုပူးပေါင်းမှုဟာ တရုတ်နိုင်ငံ စက်မှုလက်မှုနှင့် ကုန်သွယ်ရေးဘဏ် (အိုင်စီဘီစီ) အနေနဲ့ မှတ်တိုင်တခုဖြစ်သလို တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမှာ အရေးပါတဲ့ ကဏ္ဍအနေနဲ့ ကိုယ်စားပြုနေတယ်လို့ အဲဒီဘဏ်ရဲ့ဥက္ကဋ္ဌ ရီဆွေ့မန်း (Yi Huiman) က ဖွင့်ပွဲအခမ်းအနားမှာ ပြောပါတယ်။ တရုတ်နိုင်ငံ စက်မှုလက်မှုနှင့် ကုန်သွယ်ရေးဘဏ် (အိုင်စီဘီစီ) ဟာ ၂၀၁၄ ခုနှစ်  အောက်တိုဘာလတုန်းက မြန်မာအစိုးရ ဖွင့်လှစ်ခွင့်ပြုခဲ့တဲ့ နိုင်ငံခြားဘဏ်ခွဲ ၉ ခုထဲမှ တခုအပါအ၀င်ဖြစ်ပြီး အာဆီယံနိုင်ငံ ၁၀ နိုင်ငံထဲက နိုင်ငံ ၇ ခုမှာ ဖွင့်လှစ်ခဲ့ပြီးဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ အဲဒီဘဏ်အနေနဲ့ မြန်မာပြည်တွင်း ပုဂ္ဂလိကဘဏ်တခုဖြစ်တဲ့ ရိုးမဘဏ်နဲ့လည်း တရုတ်-မြန်မာ ၂ နိုင်ငံကြား ကုန်သွယ်မှုနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ သဘောတူညီထားတယ်လို့ ဆိုပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေနဲ့ ပြည်တွင်းကုမ္ပဏီတွေကို ချေးငွေပေးနိုင်ဖို့နဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ခွင့်ပြုချက်လိုင်စင် ရရှိထားတာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
6 years Ago
Up