တရုတ်ဗဟိုဘဏ်

July 8, 2018

ကုန်သွယ်ရေးတင်မားမှု ဖြေရှင်းနိုင်မည့် ငွေကြေးမူဝါဒများရှိဟု တရုတ်ဗဟိုဘဏ်ပြော

မြင့်တက်လာနေတဲ့ ကုန်သွယ်ရေးတင်းမာမှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့် ငွေကြေးမူဝါဒအမျိုးမျိုး တရုတ်နိုင်ငံမှာ ရှိတယ်လို့ တရုတ်ဗဟိုဘဏ် ငွေကြေး မူဝါဒကော်မတီဝင်တဦးက ပြောကြားလိုက်ပါတယ်။ အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေးတင်းမာမှုလှိုင်း မြင့်တက်လာတာကို ဖြေရှင်းဖို့ ငွေကြေးမူဝါဒတွေ ရှိနေတယ်လို့ တရုတ်ဗဟိုဘဏ် ငွေကြေးမူဝါဒကော်မတီဝင် လုဝေက ပြောကြားလိုက်တာပါ။ အမေရိကန်ဟာ တရုတ်ထုတ်ကုန်တွေအပေါ် အမေရိကန် ဒေါ်လာ ၃၄ ဘီလီယံဖိုး အခွန်တိုးကောက်တာ ဇူလိုင် ၆ ရက်နေ့မှာ စတင်တဲ့အချိန်မှာပဲ တရုတ်ကလည်း အမေရိကန် ထုတ်ကုန်တွေအပေါ် တူညီတဲ့ ပမာဏအတိုင်း အခွန်တိုးကောက်ပြီး တုံ့ပြန်ထားတာပါ။ ဗဟိုဘဏ် ငွေကြေးမူဝါဒကော်မတီ လက်အောက်က သုတေသနအဖွဲ့ရဲ့ တွက်ချက်မှုတွေအရ အမေရိကန်က တရုတ်ထွက်ကုန်တွေအပေါ် ဒေါ်လာဘီလီယံ  ၅ဝ ဖိုး အခွန်ကောက်လိုက်တာဟာ တရုတ် GDP စုစုပေါင်းရဲ့ ဝ ဒသမ ၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားစေလိမ်မယ်လို့ သိရပါတယ်။ ဒါ့ပြင် ပြည်ပပို့ကုန်နဲ့ သူနဲ့ဆက်စပ်တဲ့ နယ်ပယ်တွေမှာလည်း သွယ်ဝိုက်တဲ့ ထိခိုက်မှု ရှိလာနိုင်မယ်လို့ လုက ပြောပါတယ်။ အခုဆိုရင် ကျနော်တို့ဆီမှာ နေ့စဉ်ဈေးကွက်ဖွင့်ပြီး လည်ပတ်တာ၊ လိုအပ်တဲ့ အရန်ငွေထားမှုအချိုး ဖြတ်တောက်တာ၊ ကာလတို၊ ကာလရှည် ချေးငွေထောက်ပံ့တာ စတဲ့ ပြုလွယ်ပြောင်းလွယ်ဖြစ်တဲ့ ရွေးချယ်စရာ မူဝါဒတွေ ပိုရှိနေပါတယ်။ ဒါတွေရှိနေလို့ မူဝါဒပိုင်းမှာ ကျနော်တို့ ပိုပြီးအသုံးပြုနိုင်မှာပါလို့ တရုတ် ဗဟိုဘဏ်၊ ငွေကြေးမူဝါဒကော်မတီ အဖွဲ့ဝင် လုဝေက ပြောပါတယ်။ ကုန်သွယ်တင်းမာမှုနဲ့ အဲဒီနောက်ဆက်တွဲ ခန့်မှန်းထားချက်တွေအရ ဗဟိုဘဏ်ဟာ ကာလတို စီးပွားရေးစေ့ဆော်မှုနဲ့ ငွေပေါ်လွယ်မှုတို့ တိုးမြှင့်သွားနိုင်တယ်လို့ လုက ဆက်ပြောပါတယ်။ ငွေပေါ်လွယ်မှုကို သင့်တင်မျှတတဲ့နှုန်းနဲ့ ထိန်းသွားဖို့ ချင့်ချိန်ပြီး သမာသမတ်ကျတဲ့ ငွေကြေးမူဝါဒကို တရုတ်နိုင်ငံက ဆက်ထိန်းသွားမယ်လို့ ဗဟိုဘဏ်ဥက္ကဋ္ဌ ယီဂန်းက မကြာသေးခင်တုန်းက ပြောထားပါတယ်။
3 years Ago
Up