တရုတ်နိုင်ငံမှာကျင်းပမယ့် CFA Under 21 International Football Tournament ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် ယူ-၂၁ အသင်းအနေနဲ့ အိမ်ရှင်တရုတ်၊ တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်အသင်းတို့နဲ့ အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲကို စက်တင်ဘာ ၄ ရက်ကနေ ၈ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး မြန်မာယူ-၂၁ အသင်း နည်းပြချုပ်အဖြစ် ဦးကြည်လွင်က တာဝန်ယူ ဆောင်ရွက်မှာ ဖြစ်ပါတယ်။
လက်ရှိ ပဏာမအသင်းကို မြန်မာနေရှင်နယ်လိဂ်၊ မြန်မာနေရှင်နယ်လိဂ် အသက် ၂၁ နှစ်အောက် ပြိုင်ပွဲတွေက ကစားသမား ၅ဝ ဦးကို ခြေစွမ်းစမ်းသပ် ရွေးချယ်ခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (အမ်အက်ဖ်အက်ဖ်) က ထုတ်ပြန်ပါတယ်။
အမ်အက်ဖ်အက်ဖ်အနေနဲ့ ၂ဝ၁၉ ခုနှစ်အတွင်း ကျင်းပမယ့် အာဆီယံ ယူ-၂၂ ချန်ပီယံရှစ်၊ အာရှ ယူ-၂၃ ခြေစစ်ပွဲ၊ ၂ဝ၁၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတို့အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အခုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။
5 years Ago