တရုတ်ပိုးလမ်းနှစ်သွယ်

March 24, 2019

တရုတ်ပိုးလမ်းနှစ်သွယ်စီမံကိန်းတွင် အီတလီက ယူရို ၂.၅ ဘီလီယံတန် သဘောတူညီချက် ရေးထိုး

တရုတ်ရဲ့ ပိုးလမ်း ၂ သွယ် စီမံကိန်းမှာ အီတလီက ပူးပေါင်းပြီး ယူရိုငွေ ၂.၅ ဘီလီယံတန် သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးလိုက်ပါတယ်။ အီတလီလုပ်ငန်းတွေနဲ့ တရုတ်လုပ်ငန်းတွေကြား အမေရိကန်ဒေါ်လာ ၂.၈ ဘီလျံနဲ့ ညီတဲ့ ယူရိုငွေ ၂.၅ ဘီလီယံဖိုး တန်ဖိုးရှိတဲ့ ကန်ထရိုက် စာချုပ်တွေကို လက်မှတ်ရေးထိုးခဲ့တယ်။ အနာဂတ်မှာ တန်ဖိုး ယူရိုငွေ ဘီလီယံ ၂၀ ထိ အလားအလာရှိတယ်လို့ အီတလီ ဒုဝန်ကြီးချုပ် လွီဂျီ ဒီ မာယိုက သတင်းထောက်တွေကို မတ် ၂၃ ရက်က ပြောလိုက်ပါတယ်။ ဒီနေ့ လက်မှတ်ထိုးတဲ့ သဘောတူညီချက်ကြောင့် အီတလီဟာ ပိုးလမ်းကိုဝင်တဲ့ ပထမဆုံး G7 အဖွဲ့ဝင် နိုင်ငံ ဖြစ်လာတယ်။ တရုတ်နိုင်ငံထဲမှာ အီတလီ ကုမ္ပဏီတွေ စီးပွားရေးလုပ်ရမှာ ကူညီမယ့် သဘောတူညီချက် အားလုံး အကောင်အထည်ဖော်တာ စောင့်ကြည့်ဖို့ လိုတယ်လို့ အီတလီ ဒုဝန်ကြီးချုပ် လွီဂျီဒီ မာယိုက ပြောပါတယ်။ ဒီလုပ်ရပ်ကြောင့် အမေရိကန်က စိတ်ဆိုးခဲ့သလို ဥရောပသမဂ္ဂမဟာမိတ်တချို့လည်း အထိတ်တလန့် ဖြစ်ခဲ့တာပါ။ တရုတ်ဟာ အထိအခိုက်မခံတဲ့ နည်းပညာတွေနဲ့ အရေးပါတဲ့ သယ်ယူပို့ဆောင်ရေး အချက်အခြာ နေရာတွေကို လက်လှမ်းမီဖို့ အခွင့်ရသွားတယ်လို့ ရှုမြင်ပြီး စိုးရွံ့ကြတာလည်း ဖြစ်ပါတယ်။ လက်မှတ်ထိုးခဲ့တဲ့ သဘောတူညီချက်တွေထဲမှာ ဘဏ်တွေကြား ပူးပေါင်းဆောင်ရွက်ရေး၊ တရုတ်ဆောက်လုပ်ရေး လုပ်ငန်းတွေနဲ့ အီတလီ ဆိပ်ကမ်းတွေကြား ပူးပေါင်းဆောင်ရွက်ရေးနဲ့ အီတလီ သစ်သီးတွေ တရုတ်နိုင်ငံတွင်း တင်သွင်းရေး တို့အပါအဝင် ကိစ္စ အတော်များများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပါတယ်။ ဒါ့အပြင် မီဒီယာတွေကြား၊ သိပ္ပံနဲ့ နည်းပညာနယ်ပယ်တွေကြား ပူးပေါင်းဆောင်ရွက်ရေးနဲ့ တရုတ်ယဉ်ကျေးမှု ရတနာတွေကို အီတလီ အစိုးရက ပြန်ပေးမယ့် အလားအလာတွေကိုပါ မြင်ရတယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။ “အီတလီအစိုးရဟာ အနောက်မဟာမိတ်တွေနဲ့ ဆက်ဆံရေးကိုဆက်ပြီး အပြည့်အဝ ထိန်းသိမ်းထားမယ်။ ဒါပေမယ့် စီးပွားရေးဆိုင်ရာ ဆက်ဆံရေးမှာတော့ အီတလီ အကျိုးစီးပွား ပဓာန မူဝါဒကို ထားရလိမ့်မယ်” လို့ အီတလီ ဒုဝန်ကြီးချုပ်က သတင်းထောက်တွေကို ပြောပါတယ်။ ကျနော်တို့ဟာ ဥရောပ အတ္တလန္တိတ် မဟာမိတ်နဲ့ နေတိုးအဖွဲ့ထဲမှာ အမေရိကန်ရဲ့ မဟာမိတ် အဖြစ် ခိုင်ခိုင်မြဲမြဲ ဆက်ရှိနေမယ်လို့ ဆိုပါတယ်။ ပိုးလမ်း ၂ သွယ် စီမံကိန်းဟာ တရုတ်နဲ့ ဥရောပ၊ အာဖရိကတို့ကို ချိတ်ဆက်မယ့် ဆိပ်ကမ်းတွေ၊ တံတားတွေနဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး စက်ရုံတွေပါတဲ့ ကွန်ရက်ကို တည်ထောင်ဖို့ ရည်မှန်းထားပါတယ်။
2 years Ago
Up