တရုတ်ပင်လယ်ရေအောက်ကြမ်းပြင်တူးစက်

June 19, 2015

တရုတ်တွင် လူ ၂ သိန်းကျော် ရေဘေးဒုက္ခကြုံ (ရုပ်သံ)

တရုတ်နိုင်ငံ အလယ်ဗဟိုကျတဲ့ ဟူနန်ပြည်နယ်မှာ ဇွန် ၁၇ ရက်နေ့က သည်းသည်းမည်းမည်း ရွာတဲ့မိုးကြောင့် ရေကြီးရေလျှံတာတွေ ဆိုးဆိုးဝါးဝါးဖြစ်ပြီး ကောင်တီစီရင်စု ၉ ခုနဲ့ မြို့ကြီးတွေက လူပေါင်း ၂ သိန်း ၂ သောင်း ၆ ထောင်နီးပါး ဘေးဒုက္ခ ကြုံနေရပါတယ်။ ဆွေ့နင်း ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့က ဒီဘေးအန္တရာယ်ကို ခပ်မြန်မြန် တုံ့ပြန်ဆောင်ရွက်ခဲ့ပြီး ရေဘေးအဆိုးဆုံး ကြုံနေရတဲ့နေရာတွေက ပြည်သူတွေကို ဇွန် ၁၈ ရက်နေ့ နေ့လယ်ပိုင်းမှာ စတင် ပြောင်းရွှေ့ပေးနေပါတယ်။ မြို့လယ်ခေါင်မှာ မော်တော်ကားတွေဟာ ရေထဲမြုပ်နေပြီး ကားမောင်းသူတွေလည်း သူတို့ရဲ့ယာဉ်တွေကို စွန့်ခွာသွားကြပါတယ်။ အဲဒီနေရာမှာ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းဖို့နဲ့ ယာဉ်စည်းကမ်း ထိန်းသိမ်းနိုင်ဖို့အတွက် ယာဉ်ထိန်းရဲတွေကို နေရာချထားပါတယ်။ ၀ူယမ်လမ်းမဘက်မှာလည်း လူ ၁ ထောင်ကျော်လောက်ရဲ့ နေအိမ်တွေ ရေမြုပ်ကုန်လို့ ရေစီးကို တံခါးရွက်တွေနဲ့ တားဆီးထားရပါတယ်။ “ကျနော် ဒီလမ်းမှာ နေလာတာ အနှစ် ၂၀ ကျော်ပြီ။ ဒီလောက်မိုးကြီးတာ တခါမှ မမြင်ဖူးသေးဘူး။ ကျနော့်အိမ် မီးဖိုချောင်နဲ့ ဧည့်ခန်းတွေ အကုန် ရေလွှမ်းကုန်ပြီ။ မိုးရွာတာက ၆ နာရီကျော်လောက်တောင် ကြာနေပြီ” လို့ ရေဘေးဒုက္ခသည်တဦးက ပြောပါတယ်။ မိုးရွာတာကြောင့် ပြည်နယ်ကို တိုက်ရိုက်စီးပွားရေးထိခိုက်မှုက ယွမ်သန်းပေါင်း ၂၃၅ သန်း ဆုံးရှုံးခဲ့ရပါတယ်။ ခုချိန်ထိ အသေအပျောက် မရှိသေးပေမယ့် လူပေါင်း ၄ သောင်း ၂ ထောင့် ၅ ရာလောက်ကို ဆိုးဆိုးဝါးဝါး ရေလျှံနေတဲ့ နေရာတွေက ရွှေ့ပြောင်းပေးထားပါတယ်။ ပြည်နယ် မိုးလေ၀သဌာနကတော့ ဇွန် ၁၉ ရက်နေ့မှာ မိုးသည်းထန်မှုဟာ ပြည်နယ်အလယ်ပိုင်းမှာ ဆက်ရှိနေဦးမှာဖြစ်ပြီး ပြည်နယ်အနောက်ပိုင်းမှာတော့ ဇွန် ၁၉ ရက်ညပိုင်းကနေ ဇွန် ၂၀ ရက်အထိ ရုတ်တရက် မိုးသည်းသည်းမည်းမည်း ရွာဦးမယ်လို့ ခန့်မှန်းထားပါတယ်။
6 years Ago

June 16, 2015

ပင်လယ်ကြမ်းပြင်တူးစက် တရုတ် စမ်းသပ်

တရုတ်ပြည်တွင်းထုတ် ပင်လယ်ကြမ်းပြင်တူးစက်ကို ဇွန်လ ၁၄ ရက်နေ့က တောင်တရုတ်ပင်လယ်မှာ စမ်းသပ်တူးဖော်မှုတွေကို အောင်အောင်မြင်မြင်ပြုလုပ်ခဲ့ပြီး နိုင်ငံအရှေ့ပိုင်းက ဖူဂျမ်းပြည်နယ်ကို ချောချောမောမော ပြန်လည်ရောက်ရှိလာကြပါတယ်။ Sea Bull လို့ အမည်ပေးထားတဲ့ ပင်လယ်ကြမ်းပြင်တူးစက်ဟာ ပင်လယ်ရေအောက်အနက် မီတာ ၃ ထောင်နေရာမှာ တူးဖော်နိုင်ပြီး အဲ့ဒီအောက် မြေအနက်မီတာ ၆၀ အထိ တူးဖော်နိုင်တယ်လို့ ဟူနန်တက္ကသိုလ်၊ ပင်လယ်ရေအောက် သဘာဝအရင်းအမြစ် ရှာဖွေရေးနည်းပညာ တွဲဖက်ပါမောက္ခ Luo Bowen က ဆိုပါတယ်။ ဒီစက်ကို အခုလို အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့တဲ့အတွက် တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အခုလိုနည်းပညာမျိုးကို ပိုင်ဆိုင်တဲ့ ၄ နိုင်ငံမြောက် ဖြစ်လာပါတယ်။ ဒီတူးဖော်စက်ကို ပင်လယ်ရေအောက် မီတာ ၅၀၀၀ မှာ ရေဖိအားကို ခံနိုင်အောင် ထုတ်လုပ်ထားတယ်လို့လည်း ဆိုပါတယ်။ ပင်လယ်ကြမ်းပြင်မှာ တူးဖော်တဲ့အခါ ကျောက်သားထုအမျိုးမျိုးကို ဖောက်ထွင်းနိုင်အောင် အထူးဒီဇိုင်းထုတ်ထားတဲ့ ၂ မီတာခွဲ လွန်သွား ၂၄ ချောင်း တပ်ဆင်ထားပါတယ်။ ပင်လယ်ရေအောက် မြေအနက် မီတာ ၆၀ ကို ၁၀ နာရီအတွင်း တူးဖော်ပြီး ရေအောက်မြေသား စံနမူနာကို ရယူနိုင်ဖို့ ထုတ်လုပ်ထားတာပါ။ ဒီစီမံကိန်း အောင်မြင်ခဲ့တဲ့အတွက် တရုတ်နိုင်ငံဟာ ပင်လယ်ရေနက်ပိုင်း ဘူမိသိပ္ပံနဲ့ ဘူမိနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးပါတဲ့ ခြေလှမ်းတလှမ်း တက်လှမ်းနိုင်တာလို့ စီမံကိန်းကို ဦးဆောင်သူ Zhou Yangrui က ပြောဆိုခဲ့ပါတယ်။
6 years Ago
Up