တရုတ်နိုင်ငံသို့ လူကုန်ကူးရောင်းချသူ ၂ ဦးကို ဖမ်းဆီးရမိ

July 22, 2018

တရုတ်နိုင်ငံသို့ လူကုန်ကူးရောင်းချသူ ၂ ဦးကို ဖမ်းဆီးရမိ

တရုတ်အမျိုးသားနဲ့ လက်ထပ်ပါက တင်တောင်းငွေ ကျပ်သိန်း ၄၀ ရရှိမယ်လို့ပြောဆိုပြီး တရုတ်နိုင်ငံကို လူကုန်ကူးသူ ၂ ဦးကို ဖမ်းမိထားကြောင်း မိုးကောင်းမြို့မရဲစခန်းက သိရပါတယ်။ ဖြစ်စဉ်မှာ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကဝါးယံကျေးရွာနေ မရွယ်နူး (၃၇ နှစ်)နဲ့ ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့ ရပ်ကွက်(၇)နေ မဂျာနောင် (ခ)ခေါန်ရာ (၃၈ နှစ်)တို့ ၂ ဦးဟာ ဇူလိုင် ၁၇ ရက်နေ့က မိုးကောင်းမြို့နယ် လွယ်လောကျေးရွာသူ မကော့နူး (ခ) မချောပု (၁၇ နှစ်) ကို တရုတ်အမျိုးသားနဲ့ လက်ထပ်ပါက တင်တောင်းငွေ ကျပ်သိန်း ၄၀ ရမယ်လို့ စည်းရုံးပြောဆိုပြီး ကြိုတင်ငွေ ၅ သိန်းပေးခဲ့ပါတယ်။ ဒီနောက် မြစ်ကြီးနားကနေ လွယ်ဂျယ်ကို မရွယ်နူးက မကော့နူးအား ပို့ဆောင်စဉ် မိုးမောက်မြို့နယ် စိန်လုံပူးပေါင်းရေးဂိတ်မှာ လူကုန်ကူးမှု မသင်္ကာဖွယ်တွေ့ရတဲ့အတွက် စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ဆက်စပ်တရားခံ မဂျာနောင် (ခ) ခေါန်ရာ ကို လွယ်ဂျယ်နယ်စပ်အဝင်အထွက်ဂိတ်မှာ ဖမ်းဆီးခဲ့တာပါ။ ဆက်လက်စစ်ဆေးပေါ်ပေါက်ချက်အရ ၂၀၁၈ ခု ဧပြီလကလည်း အဆိုပါတရားခံ ၂ ဦးက မိုးကောင်းမြို့နယ် မင်းကုန်းကျေးရွာသူ မဆိုင်းခွမ် (ခ) ဇင်မာဦး (၂၄ နှစ်)ကို တရုတ်နိုင်ငံ လုံလင်မြို့က အမျိုးသားတဦးထံ အထက်ပါနည်းအတိုင်း စည်းရုံးပြောဆိုကာ ယွမ်ငွေ ၆၆၀၀၀ နဲ့ ရောင်းချခဲ့တယ်လို့ သိရရှိပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မိုးကောင်းမြို့မရဲစခန်းမှ မရွယ်နူးနဲ့ မဂျာနောင် (ခ)ခေါန်ရာ တို့ကို (ပ)အမှတ် ၁၀၆/၁၀၇/၂၀၁၈ လူကုန်ကူးမှု တားဆီးရေးပုဒ်မ ၂၄/၃၂ အရ ဇူလိုင် ၂၂ ရက်နေ့က အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - ခင်သန်းညွန့်
5 years Ago
Up