တရုတ်ဒုသမ္မတ

June 17, 2019

တရုတ်ဒုသမ္မတနှင့်ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

တရုတ်နိုင်ငံကို ၆ ရက်ကြာ နိုင်ငံတော်ခရီးစဉ်နဲ့ ရောက်လာတဲ့ ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီး ဝါလစ် အယ်လ်မွာလမ်ဟာ ဇွန် ၁၇ ရက်နေ့က ဘေဂျင်းမြို့တော်မှာ တရုတ်ဒုသမ္မတ ၀မ်ချီရှန်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ နှစ်နိုင်ငံအကြား ဆွေးနွေးပွဲ မစခင် ဝါလစ် အယ်လ်မွာလမ်နဲ့ ၀မ်ချီရှန်းတို့ဟာ မီဒီယာတွေရှေ့မှာ လက်ဆွဲနှုတ်ဆက်ခဲ့ကြပါတယ်။   အယ်လ် မွာလမ်ဟာ ဇွန် ၁၈ ရက်နေ့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီနဲ့လည်း တွေ့ဆုံ သွားမယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ တရုတ်နိုင်ငံ အနောက်စွန်းဘက် ရှင်းကျန်းဒေသက ၀ီဂါလူမျိုးစု ၅ ထောင်လောက်ဟာ ဆီးရီးယားနိုင်ငံထဲက စစ်သွေးကြွအဖွဲ့တွေဆီမှာ ပူးပေါင်းတိုက်ခိုက်နေတယ်လို့ တရုတ်နိုင်ငံ ဆိုင်ရာ ဆီးရီးယားသံအမတ်က မေလကတည်းက ပြောခဲ့ပါတယ်။ တားကစ်ဘာသာစကားကိုပြောတဲ့ မွတ်စလင် ၀ီဂါလူမျိုးစုတွေဟာ ဆီးရီးယားနဲ့ အီရတ်နိုင်ငံကို သွားပြီး အဲဒီဒေသက အစ္စလာမ္မစ် စစ်သွေးကြွတွေနဲ့အတူ တိုက်ခိုက်နေတာကို တရုတ်အစိုးရက စိုးရိမ်နေပါတယ်။
2 years Ago

May 27, 2018

တရုတ်ဒုသမ္မတနှင့် ရုရှား သမ္မတ တွေ့ဆုံ

ရုရှားနိုင်ငံကို အလည်အပတ်ရောက်နေတဲ့ တရုတ်ဒုသမ္မတဟာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ ရုရှားကို အလည်အပတ်ရောက်နေတဲ့ တရုတ်ဒုသမ္မတ ဝမ်ချီရှမ်းကို စိန့်ပီတာ စဘတ်မြို့မှာ လက်ခံတွေ့ဆုံပါတယ်။ အစည်းအဝေးအတွင်း ၂ နိုင်ငံလုံးနဲ့ ကမ္ဘာတဝှမ်းလုံး အကျိုးစီးပွား အတွက် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး သဘောတူခဲ့ကြပါတယ်။ တရုတ်နိုင်ငံမှာ ဇွန်လမှာ ကျင်းပမယ့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးညီလာခံမှာ ပူတင်နဲ့ ထပ်တွေ့ပြီး အပြန်အလှန်ဆက်ဆံရေး အနာဂတ် လမ်းကြောင်းတွေကို ဆွေးနွေးဖို့ မျှော်လင့်တယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က စကားပါးလိုက်ကြောင်း ဝမ်က ပြောပါတယ်။ ရုရှားသမ္မတကလည်း တရုတ်နိုင်ငံကို သွားပြီး ရှီနဲ့ ထပ်တွေ့ဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။ စိန့်ပီတာစဘတ်မှာ ကျင်းပတဲ့ ၂၂ ကြိမ်မြောက် နိုင်ငံတကာ စီးပွားရေးဖိုရမ် (SPIEF) မှာ ဝမ်က မိန့်ခွန်းပြောခဲ့တာပါ။ ဒီပွဲကို ရုရှားသမ္မတ ပူတင်၊ ပြင်သစ် သမ္မတ မက်ခွန်းနဲ့  ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ အပြင် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အကြီးအကဲ ခရစ်စတင်းလာဂျက် တို့လည်း တက်ရောက်ပါတယ်။ ဝမ်ဟာ ရုရှားခရီးစဉ် အတွင်း ရို့စ်နဲ့ဖှ် လုပ်ငန်းအကြီးအကဲ အစ်ဂေါ ဆေချင်၊ တရုတ်ရုရှား မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ ဒမစ်ထရီမေဇန့်ဆဲ့ဖှ်တို့နဲ့ တွေ့ခဲ့ပါတယ်။ ဒါ့အပြင် တရုတ်က ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းစုံ ပါဝင်ဆောင်ရွက်မယ့် လူနေဇုန်နဲ့ စီးပွားရေးဇုန် ခေတ်မီ စီမံကိန်းကို တည်ဆောက်ဖို့ ရည်မှန်းထားတဲ့ ဘောလ်တစ်ပင်လယ်ပုလဲ စီမံကိန်းကိုလည်း သွားရောက်လည်ပတ်ခဲ့ပါတယ်။ ဝမ်ဟာ ရုရှား ခရီးစဉ်ပြီးရင် ဘဲလာရုစ် နိုင်ငံဆီ ခရီးဆက်မှာ ဖြစ်ပါတယ်။
3 years Ago
Up