တရုတ်တွင် အကြမ်းဖက်သမားဟု သံသယရှိသူ ၉ ဦးကို အသေဖမ်းဆီး

June 28, 2015

တူနီးရှားဟိုတယ် တိုက်ခိုက်မှု ဗလီ ၈၀ ခန့်ကို ပိတ်ရန် တူနီးရှားအစိုးရ ဆုံးဖြတ်

လူ ၃၉ ယောက်သေဆုံးခဲ့ရတဲ့ တူနီးရှားဟိုတယ် တိုက်ခိုက်မှုကို တုံ့ပြန်တဲ့ အနေနဲ့ တူနီးရှားအစိုးရက သီတင်းပတ် တပတ်အတွင်း ဗလီ ၈၀ နီးပါးကို ပိတ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ တူနီးရှားဝန်ကြီးချုပ် ဟာဘိ ဘာဆေ့ဒ်က ပြောဆိုလိုက်ပါတယ်။ လာမယ့်သီတင်းပတ်အတွင်း ပြည်ထဲရေးဝန်ကြီးဌာနနဲ့ အာဏာပိုင်အားလုံးက တာဝန်ယူပြီး တူနီးရှားမှာ ဘယ်ဗလီကိုမှ ဥပဒေပြင်ပ လှုပ်ရှားတာကို လက်မခံနိုင်ဘူးလို့ ပြောပါတယ်။ မြို့တော် တူးနစ်ရဲ့ တောင်ဘက် မိုင် ၉၀ အကွာမှာ သေနတ်သမား တယောက်က ခရီးသည်ဟန်ဆောင်ပြီး တူနီးရှားဟိုတယ်ထဲ ၀င်လာပြီး ထီးထဲမှာ ထည့်ဝှက်ထားတဲ့ ရိုင်ဖယ်သေနတ်တလက်နဲ့ ပစ်ခတ်ခဲ့တာပါ။ ဒါကြောင့် ဗြိတိန်၊ ဂျာမန်နဲ့ ဘယ်လ်ဂျီယံနိုင်ငံသားတွေ အပါအဝင် လူ ၃၉ ယောက် သေဆုံးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကို အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေက သူတို့လက်ချက်လို့ ကြေညာခဲ့ပါတယ်။ ရဲတွေက သေနတ်သမားကို အသေပစ်သတ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေနဲ့ လုံခြုံရေး အရာရှိတွေက ပြောပါတယ်။ ၂၀၁၁ ခုနှစ်က တူနီးရှားသမ္မတ ဘန်အာလီကို ဖြုတ်ချရေး ဆန္ဒပြပွဲတွေ စတည်းက တူနီးရှားအစိုးရဟာ အစွန်းရောက် အစ္စလာမ္မစ် လှုပ်ရှားမှုတွေကို တားဆီးဖို့ ရုန်းကန်နေရပါတယ်။  
6 years Ago

June 25, 2015

တရုတ် ရှင်းကျန်းရဲစခန်း တိုက်ခိုက်ခံရ၊ ၁၈ ဦး သေဆုံး

တရုတ်နိုင်ငံအနောက်ပိုင်းက ရှင်းကျန်းပြည်နယ်မှာ ရဲစခန်းတခုကို ရှင်းကျန်းဒေသခံ ၀ီဂါလူမျိုးစုတွေက ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်နေ့က ၀င်ရောက်တိုက်ခိုက်ခဲ့ရာ လူ ၁၈ ယောက် သေဆုံးတယ်လို့ အမေရိကန်အခြေစိုက် အာရ်အက်ဖ်အေ သတင်းဌာနက ဇွန် ၂၄ ရက်နေ့က ဖော်ပြပါတယ်။ အစ္စလာမ်ဘာသာဝင်အများစု နေထိုင်တဲ့ တရုတ်နိုင်ငံ ရှင်းကျန်းပြည်နယ် ကတ်ရှ်ဂါ (Kashgar) မြို့ပြင်က ရဲစခန်းဟာ ဇွန် ၂၂ ရက်နေ့ ညပိုင်းက တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး  ဒီဖြစ်ရပ်အပေါ် တစုံတရာ တုံ့ပြန်ပြောဆိုဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ငြင်းဆန်ပါတယ်။ “အဲ့ဒီသတင်းနဲ့ ပတ်သက်ပြီး လောလောဆယ် ထုတ်ပြန်ပြောဆိုဖို့ မရှိပါဘူး။ တကယ်လို့ ဒီသတင်းမှန်တယ်ဆိုရင်လည်း ရှင်းကျန်းပြည်နယ် အေးချမ်းတည်ငြိမ်ရေးနဲ့ အများပြည်သူ ဘေးကင်းလုံခြုံရေးအတွက် အစိုးရက အရေးယူလုပ်ဆောင်စရာရှိတာ အားလုံး စနစ်တကျ လုပ်ဆောင်သွားမှာ ဖြစ်တယ်။” အဲဒီတိုက်ခိုက်မှုမှာ တရုတ်ရဲအရာရှိတွေပါ သတ်ဖြတ်ခံရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဒေသခံဆေးရုံမှာ တင်ပို့ကုသထားတယ်လို့ ဆေးရုံဝန်ထမ်းတွေက ပြောဆိုပါတယ်။ လတ်တလော မွတ်စလင်တွေရဲ့ ရာမဒန်ဥပုသ်လမှာ ရှင်းကျန်းဒေသခံ အစ္စလာမ်ဘာသာဝင် အစိုးရ၀န်ထမ်းတွေ၊ အာဏာရပါတီဝင်တွေ၊ ကျောင်းသားနဲ့ ကျောင်းဆရာတွေဟာ ဥပုသ်စောင့်ခွင့်မရှိ၊ ပိတ်ပင်ခံထားရပြီး အဲဒီ မကျေနပ်ချက်ကြောင့် အခုလို တိုက်ခိုက်မှု ဖြစ်နိုင်တယ်လို့ သတင်းတွေက ဆိုပါတယ်။ ရှင်းကျန်းပြည်နယ်မှာ ဒေသခံမွတ်စလင်တွေနဲ့ တရုတ်အစိုးရ အာဏာပိုင်တွေကြား အခုလို တိုက်ခိုက်မှုတွေနဲ့ ပဋိပက္ခတွေဟာ မကြာခဏ ဖြစ်ပွားခဲ့တာပါ။ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း အဲဒီပဋိပက္ခတွေအတွင်း ဒေသခံတွေ ရာနဲ့ချီပြီး သေဆုံးခဲ့ကြပါတယ်။ တရုတ်အစိုးရရဲ့ ရှင်းကျန်းဒေသခံ ၀ီဂါလူမျိုးစုတွေအပေါ် ဘာသာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ နှိပ်ကွပ်မှုတွေကြောင့် အခုလို ပဋိပက္ခတွေ ဖြစ်နေရတာလို့ ပြည်ပရောက် ၀ီဂါလူမျိုးစု အဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုကြပါတယ်။ တရုတ်အစိုးရကတော့ အကြမ်းဖက်တွေဟာ မွတ်စလင်အစွန်းရောက်တွေ ဖြစ်တယ်လို့ ပြောဆိုပြီး ပြည်ပအဖွဲ့အစည်းတွေက သွေးထိုးလှုံ့ဆော်နေတယ်လို့ စွပ်စွဲပြောဆိုပါတယ်။ တရုတ်နိုင်ငံမှာ အစ္စလာမ်ဘာသာဝင်ဦးရေ သန်း ၂၀ လောက်ရှိပြီး ၀ီဂါလူမျိုးစုတွေကတော့ အနည်းစုပဲ ဖြစ်ကြပါတယ်။
6 years Ago
Up