တရုတ်တွင် သင်းခွေချပ်အကြေးခွံ ၃ ဒသမ ၁ တန် ဖမ်းမိ

December 30, 2016

တရုတ်တွင် သင်းခွေချပ်အကြေးခွံ ၃ ဒသမ ၁ တန် ဖမ်းမိ

နိုင်ဂျီးရီးယားနိုင်ငံကနေ တင်ပို့လာတဲ့ သင်းခွေချပ် အကြေးခွံ တန်ချိန် ၃ ဒသမ ၁ တန်ကို တရုတ်နိုင်ငံ ရှန်ဟိုင်း အကောက်ခွန်အရာရှိတွေက ဖမ်းမိခဲ့တယ်လို့ တရုတ်အစိုးရမီဒီယာက ဒီဇင်ဘာ ၂၉ ရက်နေ့မှာ အစီရင်ခံပါတယ်။ ကုန်သေတ္တာထဲကနေ ဖယ်ထုတ်လိုက်တဲ့ သစ်လုံးတွေနောက်မှာ ဝှက်ထားတဲ့ သင်းခွေချပ်ကြေးခွံ ထည့်ထားတဲ့ အိတ်တွေကို တရုတ်အစိုးရရုပ်သံ စီစီတီဗွီက ထုတ်လွှင့် ပြသပြီး မှောင်ခိုတိုက်ဖျက်ရေး ရဲတွေက စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။ သင်းခွေချပ် အကြေးခွံတွေကို တရုတ်နိုင်ငံတွင်း ထုတ်ကုန်နဲ့ သွင်းကုန် ၂ မျိုးလုံးအတွက် တားမြစ် ပိတ်ပင်ထားပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး သံသယဖြစ်ဖွယ် လူ ၃ ဦးကို ဖမ်းထားပြီး စုံစမ်းစစ်ဆေးနေဆဲလို့ စီစီတီဗွီက အစီရင်ခံပါတယ်။ ပုရွက်ဆိတ်ကိုစားတဲ့ သင်းခွေချပ်တွေဟာ တနေကုန် ဘောလုံးလို ခွေပြီး အိပ်နေတတ်ပါတယ်။ သူ့အသားက နူးညံ့ပြီး အကြေးခွံက ဆေးဖက်ဝင်တယ်လို့ ယုံကြည်တဲ့အတွက် တရုတ်နိုင်ငံ ဈေးကွက်မှာ ဝယ်လိုအား ကြီးမားပါတယ်။
5 years Ago
Up