တရုတ်တွင် ရှားပါး နှင်းကျားသစ်ကောင်ရေ တိုးပွား

May 30, 2016

တရုတ်တွင် ရှားပါး နှင်းကျားသစ်ကောင်ရေ တိုးပွား (ရုပ်သံ)

တရုတ်ပြည် အနောက်မြောက်ပိုင်းက ရှင်းကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အလွန်ရှားပါးတဲ့ နှင်းကျားသစ်တွေ အကောင်အရေအတွက် တိုးပွားလာတယ်လို့ စောင့်ကြည့်လေ့လာသူတွေက ဆိုကြပါတယ်။ ၂၀၁၄ ခုနှစ်ကစပြီး ၀ါသနာရှင် အယောက် ၃၀ လောက် ပါဝင်တဲ့ အဖွဲ့တဖွဲ့ဟာ တီယန်ရှမ်း တောင်ကြောတလျှောက် ကီလိုမီတာ ၁၀၀ ပတ်လည် ဧရိယာကို အနီအောက်ရောင်ခြည်ကင်မရာ အလုံး ၁၀၀ ကျော်နဲ့ စောင့်ကြည့်ခဲ့ကြတာပါ။ ဧပြီလကုန်ပိုင်းအထိ ရရှိခဲ့တဲ့ အချက်အလက်တွေအရ နှင်းကျားသစ် အကောင် ၂၀ ကျော် တွေ့မြင်ရပြီး အသေးစိတ် ထပ်လေ့လာနေတယ်လို့ အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ ဒီနှင်းကျားသစ်တွေဟာ မျိုးတုံးပျောက်ကွယ်မယ့် အန္တရာယ်ရှိနေပြီး နှင်းတောင်တွေမှာပဲ သီးသန့်နေတတ်တဲ့ ကျားသစ်မျိုးတွေ ဖြစ်ပါတယ်။ အဲဒီရှင်းကျန်းဒေသ တီရန်ရှမ်းတောင်ကြောဒေသ၊ ပါမီယာနဲ့ ဟိမ၀န္တာ တောင်တန်းဒေသတွေမှာ နှင်းကျားသစ်ကောင်ရေ ၅၀၀၀ လောက် ရှိဦးမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။ ဒေသခံပြည်သူတွေရဲ့ ကာကွယ်ထိန်းသိမ်းလာကြတဲ့အတွက် အရင်ကထက် အကောင်ရေ ပိုပြီး များများစားစား တွေ့ရှိလာရတယ်လို့လည်း နှင်းကျားသစ် စောင့်ကြည့်လေ့လာရေး အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
6 years Ago
Up