တရုတ်တွင် တရားမ၀င် သွားအလုပ်လုပ်မည့်သူ ၄၀ ကို မြောင်းမြတွင် ဖမ်းမိ

February 20, 2016

တရုတ်တွင် တရားမ၀င် သွားအလုပ်လုပ်မည့်သူ ၄၀ ကို မြောင်းမြတွင် ဖမ်းမိ

တရုတ်နိုင်ငံမှာ တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်မယ့် လူအယောက် ၄၀ ကို အခကြေးငွေယူပြီး လိုက်ပါပို့ဆောင်သူ ၂ ဦးနဲ့ အတူ မြောင်းမြကြိုးတံတားမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်က ကားတစ်စီးနဲ့ တင်ဆောင်လာတယ်ဆိုတဲ့ သတင်းရရှိတာကြောင့် မြောင်းမြကြိုးတံတားမှာ ရဲတပ်ဖွဲ့က စောင့်ဆိုင်းစစ်ဆေးစဉ် ဖမ်းဆီးရမိတာလို့ မြောင်းမြရဲစခန်းက ပြောပါတယ်။ မြောင်းမြနဲ့ လပွတ္တာမြို့အနီး ကျေးရွာတွေက အမျိုးသမီး ၁၅ ဦးနဲ့ အမျိုးသား ၂၅ ဦးကို အိမ်မဲသား အမည်ပါ မှန်လုံယာဉ်နဲ့ မြောင်းမြကနေ မူဆယ်ကို မောင်းနှင်ထွက်ခွာလာစဉ် မြောင်းမြကြိုးတံတားမှာ ဖမ်းစီးစစ်ဆေးခဲ့တာဖြစ်ပါတယ်။ အဲဒီအယောက် ၄၀ က တရုတ်နိုင်ငံ ကျန်ရှီးပြည်နယ်မှာ ဂျီယန်းမြို့က ဆောင်းဘောက်စက်ရုံမှာ အလုပ်လုပ်ကိုင်လိုတယ်လို့ ပြောတာကြောင့် တဦးကို ငွေကျပ် သုံးသောင်းနှစ်ထောင် ရယူပြီး ဇော်သန့်ဇင်ဦး နဲ့ မစန္ဒာဆိုသူတို့က လိုက်ပါပို့ဆောင်ခဲ့တာလို့ စစ်ဆေးတွေ့ရှိကြောင်း မြောင်းမြ ရဲစခန်းမှူး ဒုရဲမှူး အောင်စိုးကပြောပါတယ်။ မြောင်းမြ ရဲစခန်းကတော့ ပြည်ပအကျိုးဆောင်လုပ်ငန်းလိုင်စင်မရှိဘဲ ငွေကြေးရယူပြီး လိုက်ပါပို့ဆောင်ဖို့ ကြိုးစားတယ်ဆိုတဲ့ ဇော်သန့်ဇင်ဦးနဲ့ မစန္ဒာ ဆိုသူတို့ကို (ပ)၄၃/၁၆ ပြည်ပအလုပ်အကိုင်ရှာဖွေရေးဥပဒေပုဒ်မ ၂၆ အရ အမှုဖွင့်လှစ် စစ်ဆေးနေပါတယ်။ သတင်းဓာတ်ပုံ - သော်ဇင်မျိုး  
6 years Ago
Up