တရုတ်တွင် ဆီးနှင်းထဲပိတ်မိနေသူများအား ကယ်ဆယ်ရေးအဖွဲ့များ လိုက်လံကူညီ

November 15, 2016

တရုတ်တွင် ဆီးနှင်းထဲပိတ်မိနေသူများအား ကယ်ဆယ်ရေးအဖွဲ့များ လိုက်လံကူညီ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ရှန်းကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ပြီးခဲ့တဲ့တပတ် နိုဝင်ဘာ ၁၀ ရက်ကစပြီး ဆီးနှင်းတွေ ထူထူထပ်ထပ် ကျရောက်နေတဲ့အတွက် ဆီးနှင်းထဲ ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက လိုက်လံကူညီပေးနေရပါတယ်။ ဆီးနှင်းတွေကြောင့် ပြည်နယ်အဝေးပြေးလမ်းမပေါ်မှာ ကားအစီးရေ ၁၀၀ ကျော် ပိတ်မိခဲ့ကြပြီး လူ ၂၆၇ ဦးကို ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်တင်ခဲ့တယ်လို့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။ ဆီးနှင်းတောထဲ ကားပိတ်မိခဲ့တဲ့ ကားပိုင်ရှင်တဦးက “ကားထဲမှာ ဓာတ်ဆီသိပ်မကျန်တော့လို့ နှင်းတောထဲမှာ သိပ်ကြာကြာစောင့်နိုင်မှာ မဟုတ်ဘူး။ အာဏာပိုင်တွေကို ဖုန်းအကြိမ်ကြိမ်ဆက်ပြီး အကူအညီတောင်းခံထားပေမယ့် တယောက်မှ မမြင်ရသေးဘူး” လို့ ပြောပြပါတယ်။ သူ ၄ နာရီကြာ နှင်းတောထဲ ပိတ်မိခဲ့အပြီး ကယ်ဆယ်ရေးအဖွဲ့တွေက သူ့ကို ကူညီပေးခဲ့ကြပါတယ်။ အခုလို ကား နောက်ထပ် ၅ စီးလည်း ဆီးနှင်းထဲပိတ်မိနေပြီး လူတွေကို သွားရောက်ကူညီပေးနေတယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။ ဆီးနှင်းကြောင့် ပိတ်ဆို့ခဲ့တဲ့ အဝေးပြေးကားလမ်းကို နိုဝင်ဘာ ၁၄ ရက် မနက် ၁၀ နာရီမှာ ပုံမှန်ပြန်ဖွင့်ပေးခဲ့တယ်လို့လည်း ဒေသခံအာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။
6 years Ago
Up