တရုတ်တိုက်လေယာဉ်

A d v e r t i s e m e n t With Us

May 19, 2016

တရုတ် တိုက်လေယာဉ် အမေရိကန် ကင်းထောက်လေယာဉ်အနီးမှ ဖြတ်သန်း

တောင်တရုတ်ပင်လယ်မှာ တရုတ်တိုက်လေယာဉ် ၂ စီးက အမေရိကန်စစ်တပ်ရဲ့ ရေကြောင်း ကင်းထောက်လေယာဉ်ရှေ့ကနေ စိုးရိမ်ဖွယ် ဖြတ်ပျံသန်းခဲ့တယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က ပြောပါတယ်။ မေ ၁၇ ရက်က အမေရိကန်ရေတပ် ကင်းထောက်လေယာဉ်က နိုင်ငံတကာ လေယာဉ်ပိုင်နက်အတွင်း ပုံမှန် ကင်းလှည့်နေစဉ်မှာ တရုတ် ဂျေ ၁၁ တိုက်လေယာဉ် ၂ စင်းက အခုလို ဖြတ်ပျံခဲ့တာဖြစ်ပါတယ်။ တနေရာမှာတော့ တရုတ်လေယာဉ်က အမေရိကန်လေယာဉ်နဲ့ ပေ ၅၀ အကွာကို ရောက်ရှိခဲ့လို့ မတိုက်မိအောင် အမေရိကန်လေယာဉ်က ပေ ၂၀၀ အထိ နိမ့်ဆင်းလိုက်ရတယ်လို့လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ သံတမန်နဲ့ စစ်ဘက်ဆိုင်ရာ နည်းလမ်းတွေကို အသုံးပြုပြီး အဖြေရှာဖို့ ၀န်ကြီးဌာနက ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။ ဒီအဖြစ်အပျက်ဟာ တောင်တရုတ်ပင်လယ်က အငြင်းပွားနေတဲ့ သန္တာကျောက်တန်းအနီး အမေရိကန် ရေတပ်သင်္ဘောက ရွက်လွှင့်ပြီး တရုတ်က ဂျက်တိုက်လေယာဉ်တွေ အလျှင်အမြန် စေလွှတ်ခဲ့ပြီးနောက် ဖြစ်ပွားတာ ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ဂျပန်နိုင်ငံမှာ မေလ ၂၁ ရက်ကနေ ၂၈ ရက်နေ့ထိ ကျင်းပမယ့် စက်မှုထိပ်သီး ၇ နိုင်ငံ အစည်းအဝေးမတိုင်မီ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်အတွင်း စစ်ရေးဆိုင်ရာ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်တို့ အပြန်အလှန် စွပ်စွဲပြောဆိုခဲ့ပြီးတဲ့နောက် တင်းမာမှုတွေ မြင့်မားလာတာ ဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်တွင်းမှာ တရုတ်နိုင်ငံက ကျွန်းအတုတွေ တည်ဆောက်နေမှုအပေါ် အမေရိကန်က တရုတ်ကို ပြစ်တင်ဝေဖန်နေသလို တရုတ်ကလည်း အမေရိကန်က အာရှတိုက်မှာ ရေတပ်ကင်းလှည့်မှုနဲ့ စစ်ရေးလေ့ကျင့်မှုတွေ တိုးမြှင့်ပြုလုပ်လာမှုအပေါ် ပြန်လည်ပြစ်တင် ဝေဖန်နေပါတယ်။ သယံဇာတကြွယ်ဝတဲ့ တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး တရုတ်နဲ့ အာရှဒေသက နိုင်ငံတချို့ ပိုင်ဆိုင်မှု အငြင်းပွားပြီး တင်းမာမှုတွေ ဖြစ်ပွားနေပါတယ်။
5 years Ago
Up