တရုတ်တရားရုံး

January 15, 2019

တရုတ်တရားရုံးက ကနေဒါနိုင်ငံသားတဦးကို မူးယစ်ကုန်ကူးမှုဖြင့် သေဒဏ်ချ

တရုတ်တရားရုံးတရုံးက ကနေဒါနိုင်ငံသားတဦးကို မူးယစ်ကုန်ကူးမှုနဲ့ သေဒဏ်ပေးဖို့ ဇန်နဝါရီ ၁၅ ရက်မှာ စီရင်ချက် ချလိုက်ပါတယ်။ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒေါကတော့ တရုတ်နိုင်ငံကို ထင်သလို သေဒဏ်ပေးတယ်ဆိုပြီး စွပ်စွဲခဲ့ပါတယ်။ ခုခံလျှောက်လဲသူ ရောဘတ် လွိုက်ဒ် ချယ်လန်ဘာ့ဂ်ကို မူးယစ်ကုန်ကူးမှုနဲ့ သေဒဏ်ပေးတယ်၊ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ပိုင်ဆိုင်မှုအားလုံးကို သိမ်းဆည်းမယ်လို့ နာမည်မဖော်တဲ့ တရားသူကြီးချုပ်က ပြောပါတယ်။ ချယ်လန်ဘာ့ဂ်ဟာ စီရင်ချက်ချခံရပြီး ၁၀ ရက်အတွင်း လျောင်နင်းပြည်နယ် တရားရုံးချုပ်မှာ အယူခံဝင်ဖို့ အခွင့်အရေးရှိတယ်လို့ အလယ်ရုံးက ဒုတိယမြောက် ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ တရားရုံးဆုံးဖြတ်ချက်နဲ့ ထရူးဒေါရဲ့ တုံ့ပြန်ပုံတွေကြောင့် လက်ရှိ အဆင်မပြေဖြစ်နေတဲ့ တရုတ်-ကနေဒါ ဆက်ဆံရေးကို ပိုဆိုးစေနိုင်ပါတယ်။ ကနေဒါနိုင်ငံအတွင်း တရုတ် အမှုဆောင်အရာရှိတဦးကို ဖမ်းဆီးအပြီး တရုတ်အစိုးရကလည်း ကနေဒါနိုင်ငံသား ၂ ဦးကို ဖမ်းထားခဲ့ပါတယ်။ ဒီအမှုတွေဟာ တရုတ်နဲ့ ကနေဒါအစိုးရတွေကြားက ဆက်ဆံရေးကို စမ်းသပ်ဖို့ ဖြစ်ပုံရတယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။ ဒီဇင်ဘာလက အမေရိကန်ရဲ့ တောင်းဆိုချက်အရ တရုတ် အမှုဆောင်အရာရှိတဦးကို ကနေဒါအစိုးရက ဖမ်းခဲ့တာပါ။ အဲဒီနောက် တရုတ်အစိုးရက နိုင်ငံလုံခြုံရေး အန္တရာယ်အတွက် သံသယရှိမှုနဲ့ ကနေဒါနိုင်ငံသား ၂ ဦးကို ဖမ်းဆီးခဲ့ပါတယ်။
3 years Ago
Up