တရုတ်ဇနီးမယားအဖြစ် လက်ထပ်ရန်​စေခိုင်း​ခဲ့သူ ၂ ဦးကို လူကုန်ကူးမှုဖြင့်ဖမ်းဆီး

January 23, 2019

တရုတ်ဇနီးမယားအဖြစ် လက်ထပ်ရန်​စေခိုင်း​ခဲ့သူ ၂ ဦးကို လူကုန်ကူးမှုဖြင့်ဖမ်းဆီး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှာနေတဲ့ မြန်မာအမျိုးသမီးတဦးကို တရုတ် ဇနီးမယားအဖြစ် လက်ထပ်ပေါင်းသင်းဖို့စေခိုင်းခဲ့သူ နှစ်ဦးကို ဇန်နဝါရီ ၂၁ ရက်က လူကုန်ကူးမှု တားဆီးရေး ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်​။ အသက် ၂၀ အရွယ် မြန်မာအမျိုးသမီးငယ်​ကို တရုတ်နိုင်ငံသား ချိုင်ချွင်လိန်က ပြင်ဦးလွင်မြို့မှာ တည်းခို​ပြီး တရုတ်နိုင်ငံကို ခေါ်ဆောင်​ဖို့​ဆောင်ရွက်နေတာကို လူကုန်ကူးမှု တားဆီးရေးက တာဝန်​ရှိသူတွေက မသင်္ကာဖြစ်​ပြီး အုပ်ချုပ်ရေးအဖွဲ့ဝင်​တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ခေါ်ဆောင်စစ်​​ဆေးခဲ့ရာကနေ လူကုန်ကူးမှု ပေါ်ပေါက်ခဲ့တာပါ။ ပြီးခဲ့တဲ့ ၁၀ ရက်လောက် ပြင်ဦးလွင်မြို့ ဈေးလေးအနီးက လီလီအထည်ဆိုင်ပိုင်ရှင် ဒေါ်လီလီဟာ လူကုန်ကူးခံရတဲ့ အမျိုးသမီးငယ်ထံကို​ ရောက်ရှိလာကာ တရုတ်နိုင်ငံသားတဦးနဲ့ လက်​ထပ်​​ပေါင်းသင်း​ဖို့ တရုတ်ကိုယူပါက ငွေကြေးပြည့်စုံ ကြွယ်ဝချမ်းသာမှာဖြစ်ကြောင်း စည်းရုံးပြောဆိုပြီး တရုတ်နိုင်ငံသားရှိတဲ့ ကန်တော်ကြီးကို ​ခေါ်​ဆောင်​သွားခဲ့ပါတယ်​။ နောက်တရက်မှာ ဒေါ်လီလီနဲ့ ချိုင်ချွင်လိန်တို့နှစ်​ဦးဟာ အမျိုးသမီးငယ်​ရဲ့ နေအိမ်ကို ရောက်လာခဲ့ကာ လက်ထပ်ဖို့ကိစ္စတွေပြောဆိုခဲ့ပြီး အမျိုးသမီးငယ်​ကို ဒေါ်လီလီ၊ ချိုင်ချွင်လိန် တို့နဲ့အတူ မန္တလေးမြို့ကို နှစ်ညအိပ် အလည်​ခေါ်​ဆောင်​သွားခဲ့ပါတယ်​။ လူကုန်ကူးခံရတဲ့ အမျိုးသမီးငယ်​ နေအိမ်ကိုပြန်လာခဲ့ရာ အစ်မဖြစ်သူ မဖြူဝင်းက တရုတ်နိုင်ငံသားနဲ့ သဘောမတူကြောင်း ပြောဆိုခဲ့တဲ့အတွက် ချိုင်ချွင်လိန်ကို လက်မထပ်နိုင် ကြောင်း ငြင်းဆိုခဲ့​ပါတယ်။ ဒါပေမယ့် ချိုင်​ချွင်​လိန်​ဟာ နေအိမ်ကို မကြာခဏလာရောက်​​ပြီး ညီမဖြစ်​သူကို​ ခေါ်​ဆောင်​​နေတာ​ကြောင့် မဖြူဝင်းမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်​။ ပြင်စာရဲစခန်းက စခန်းမှူး ဝင်းဗိုလ်​က “လူကုန်ကူးဖို့လုပ်တဲ့ ဒေါ်လီလီနဲ့ တရုတ်နိုင်ငံသားကို တော့ ချက်ချင်းဖမ်းဆီးမိခဲ့တယ်။ ကြားထဲမှာ​တော့ တရုတ်နိုင်ငံသားကို ကူညီ​ပေးခဲ့တဲ့မန္တလေးက လူကတော့ မမိသေးဘူး” ​ပြောပါတယ်​။ တရုတ်နိုင်ငံသား ချိုင်ချွင်လိန်ဟာ မန္တလေးမြို့မှာနေထိုင်တဲ့ သူငယ်ချင်းဖြစ်သူ ရှီကျားကျွင့် နဲ့ ဒေါ်လီလီတို့ကို ချိတ်ဆက်ပေးခဲ့ပြီး မြန်မာနိုင်ငံအတွင်းမှာ နေထိုင်စားသောက်စရိတ်တွေကို ရှီရားကျွင့်က ကုန်​ကျစရိတ်​ကျခံ​စေပြီး မိန်းကလေးတွေကို ချဉ်းကပ်ဖို့ ဖုန်းနဲ့လမ်းညွှန်ပေးခဲ့ကာ မိန်းမရပြီး တရုတ်နိုင်ငံသို့ပြန်ရောက်ခဲ့ရင်​ ချိုင်ချွင်လိန်းက ရှီကျားကျင့်ကို တရုတ် ယွမ်ငွေ ၆၀၀၀ဝ ပေးရမှာလည်း ဖြစ်​ပါတယ်။ တရုတ်ဇနီးမယားအဖြစ် လက်ထပ်ပေါင်းသင်းဖို့ ဆောင်ရွက်သူ​တွေဖြစ်တဲ့ ​ဒေါ်လီလီ ချိုင်ချွင်လိန်နဲ့အတူ ရှီကျားကျွင့်တို့ကို ပြင်စာနယ်မြေရဲစခန်းက (ပ)၁၆/၂၀၁၉ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ဥပဒေပုဒ်မ- ၂၄/၃၂ နဲ့အမှုဖွင့်လှစ်ထားပြီး ရှီရားကျွင့်ကို ဖမ်းဆီးရမိနိုင်​ရေး ဆောင်ရွက်​နေပါတယ်။
2 years Ago
Up