တရုတ်စတော့ရှယ်ယာ အကျဈေးဖြင့် ဈေးကွက်ပိတ်

January 27, 2016

တရုတ်စတော့ရှယ်ယာ အကျဈေးဖြင့် ဈေးကွက်ပိတ်

တရုတ် စတော့ရှယ်ယာဈေးတွေဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၆ ရက်နေ့ ဈေးပိတ်ချိန်မှာ ထိုးကျခဲ့တဲ့ အကျဈေးတွေနဲ့ ဈေးပိတ်ခဲ့ပါတယ်။ ဇန်န၀ါရီ ၂၆ ရက်နေ့က ကမ္ဘာ့ရေနံဈေး ဆက်ကျမယ်ဆိုပြီး သုံးသပ်ချက်တွေ ထွက်ပေါ်ခဲ့တဲ့အပေါ် စတော့ရင်းနှီးမြှုပ်သူတွေ စိုးရိမ်နေကြပြီး တရုတ်ဗဟိုဘဏ်က ၀င်ထိန်းပေးခဲ့ပေမယ့်လည်း စတော့ဈေးတွေက ဆက်လက်ကျဆင်းခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ အဓိကစတော့ဈေးဖြစ်တဲ့ ရှန်ဟိုင်းစတော့ဈေးကွက်မှာ ၆ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့သလို ဟောင်ကောင်စတော့ဈေးကွက်မှာ ၂ ဒသမ ၄ ရာခိုင်နှုန်းကျပြီး ဈေးပိတ်ခဲ့တာပါ။ အမေရိကန် စတော့ရှယ်ယာဈေးကွက်တွေလည်း အာရှစတော့ဈေးတွေနောက်လိုက်ပြီး ကျဆင်းခဲ့ကြပါတယ်။ ပြီးခဲ့တဲ့တပတ်က ကမ္ဘာ့ရေနံဈေး အတက်နည်းနည်းပြပြီး ဇန်န၀ါရီ ၂၆ ရက်နေ့က ပြန်ဆင်းသွားတာမှာ ဘရန့်ရေနံဈေး တစည်ကို အမေရိကန်ဒေါ်လာ ၃၀ အောက် ပြန်ရောက်သွားခဲ့ပါတယ်။ ရေနံဝယ်လိုအားမရှိဘဲ ပိုလျှံနေတဲ့အချိန်မှာ အီရတ်နိုင်ငံရဲ့ ရေနံထုတ်လုပ်မှုဟာ ပြီးခဲ့တဲ့လက စံချိန်တင်သွားပါတယ်။ အာရှအကြီးဆုံး စတော့ဈေးကွက်ဖြစ်တဲ့ ဂျပန် နီကေးဈေးကွက်ကတော့ ၂ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းပြီး ဈေးပိတ်ခဲ့ပါတယ်။ ရေနံဈေးတွေ အခုနှစ်မှာလည်း ဆက်ကျဖို့ ရှိတဲ့အတွက် ကမ္ဘာ့စီးပွားရေး တိုးတက်မှုဟာလည်း ဆက်နှေးကွေးနိုင်ပြီး အထူးသဖြင့် တရုတ်စီးပွားရေး နဂိုအရှိန်ကို ပြန်ရဖို့ မလွယ်သေးဘူးလို့ ကမ္ဘာ့စီးပွားရေး ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
6 years Ago
Up