တရုတ်စားသောက်ဆိုင်

August 16, 2018

တရုတ် စားသောက်ဆိုင်တခုတွင် ပေါက်ကွဲမှုဖြစ်၊ လူ ၁ ဦး သေဆုံး

တရုတ်နိုင်ငံ အရှေ့မြောက်ဘက် လျောင်နင်းပြည်နယ် ရှန်းယန်မြို့က စားသောက်ဆိုင်တခု သြဂုတ် ၁၅ ရက် မနက်က ပေါက်ကွဲလို့ လူတဦးသေဆုံးပြီး ဆယ်ဦးကျော် ဒဏ်ရာရပါတယ်။ ဒေသခံတဦးရဲ့ အသားကင်ဆိုင်မှာ ဆိုင်မဖွင့်ခင် ပြင်ဆင်နေတုန်း မတော်တဆ ဖြစ်ခဲ့တာပါ။ ဆိုင်တွင်းက ဓာတ်ငွေ့ရည်အိုး မီးစွဲရာက ပေါက်ကွဲမှုဖြစ်တယ်လို့ သံသယ ရှိထားပါတယ်။ ပေါက်ကွဲမှုကြောင့် ရပ်ကွက်ထဲက လူနေအဆောက်အဦ အတော်များများ ပျက်စီးပါတယ်။ နံရံပြိုကျပြီး အပျက်အစီးတွေက အနီးက လူနေအဆောက်အဦတွေဆီ လွင့်ထွက် ထိမှန်ခဲ့တယ်လို့ မျက်မြင်သက်သေတဦးက ပြောပါတယ်။ ပေါက်ကွဲမှုအပြီး မီးသတ်သမားတွေ ရောက်လာခဲ့တာပါ။ အနီးဝန်းကျင်က ဒေသခံတွေကို ဒေသန္တရ အာဏာပိုင်တွေက ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ ဒဏ်ရာရသူတွေကို ဆေးရုံတင် ကုသပေးထားပြီး အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ စီစီတီဗွီ သတင်းဌာနက အစီရင်ခံပါတယ်။ ပေါက်ကွဲရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
3 years Ago

January 25, 2016

အစားအစာများတွင် ဘိန်းအသုံးပြုသည့် တရုတ်စားသောက်ဆိုင် ၃၅ ဆိုင်ကို ဖမ်းဆီး

တရုတ်နိုင်ငံမှာ အစားအသောက်တွေကို အရသာ ပိုမိုကောင်းမွန်လာစေဖို့ ရည်ရွယ်ပြီး ဘိန်းစေ့အသုံးပြုတဲ့ စားသောက်ဆိုင် ၃၅ ဆိုင်ကို ဖမ်းဆီးခဲ့တယ်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။ အစားအသောက်တွေထဲ သူတို့ ထည့်သွင်းအသုံးပြုတဲ့ အရာတွေထဲမှာ ဘိန်းထက် အဆင့်နိမ့်တဲ့ မော်ဖင်းနဲ့ ကိုဒင်းလို တရားမ၀င်တာတွေ ပါဝင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ခုဖမ်းဆီးထားတဲ့ ဆိုင်တွေထဲက ဆိုင် ၅ ဆိုင်ကို တရားစွဲဆိုထားပြီး ကျန်တဲ့ဆိုင်ပေါင်း ၃၀ ကိုတော့ ဆက်လက်စုံစမ်း စစ်ဆေးနေဆဲ ဖြစ်တယ်လို့ မက်ထရိုသတင်းတပုဒ်မှာ ဇန်န၀ါရီ ၂၄ ရက်နေ့က ဖော်ပြပါတယ်။ ခုစစ်ဆေးအရေးယူထားတဲ့ ဆိုင်တွေမှာ နာမည်ကျော် စားသောက်ဆိုင်ကြီးတွေ၊ ခေါက်ဆွဲဆိုင်တွေနဲ့ ပေါက်စီထုတ်လုပ်တဲ့ ဆိုင်တွေထိ ပါဝင်နေတာပါ။ တရုတ်နိုင်ငံမှာ အရင်ကလည်း ခုလို အစားအသောက်တွေထဲမှာ တားမြစ်ထားတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး အရေးယူခဲ့တာတွေ ရှိခဲ့ပါတယ်။ အလားတူ မူးယစ်စေတဲ့ တားမြစ်စားသောက်ကုန် အသုံးပြုတာတွေနဲ့ ပတ်သက်ပြီး ၂၀၀၄ ခုနှစ်မှာ ဂွမ်ကျိုးခရိုင်တွင်း စားသောက်ဆိုင်ပေါင်း ၂၁၅ ဆိုင်နဲ့ ၂၀၁၂ ခုနှစ်မှာတော့ နင်ကျားခရိုင်တွင်း စားသောက်ဆိုင် ၇ ဆိုင်ကို ပိတ်သိမ်းခဲ့ရပါတယ်။
6 years Ago
Up