တရုတ်စစ်တပ်

June 27, 2019

တရုတ်စစ်တပ်အတွက် သုတေသန လုပ်ပေးခဲ့ခြင်း မရှိဟု ဟွာဝေး တရားရေးအရာရှိချုပ် ပြော

ဟွာဝေး နည်းပညာကုမ္ပဏီက တရုတ်စစ်တပ်အတွက် သုတေသန လုပ်ပေးတာ ဒါမှမဟုတ် ဖောက်သည်စိတ်ကြိုက် ကုန်စည်ထုတ်လုပ်ပေးတာတွေ မလုပ်ခဲ့ဘူးလို့ ဟွာဝေးရဲ့ တရားရေးအရာရှိချုပ် စုန့်လျို့ဖျင်က ဇွန်လ ၂၇ ရက်မှာ ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဟွာဝေးကုမ္ပဏီဝန်ထမ်းတွေဟာ တရုတ်စစ်တပ် အရာရှိတွေနဲ့အတူ သုတေသနစီမံကိန်း ဆယ်ခုထက်မနည်း လုပ်ခဲ့တယ်လို့ ဘလွန်းဘာ့ဂ် သတင်းဌာနက ကြာသပတေးနေ့မနက် အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။ မကြာခင်မှာပဲ စုန့်လျို့ဖျင်က ရှန်းကျန်းမြို့က ဟွာဝေးဌာနချုပ်ကနေ ခုလို တုံပြန်လိုက်တာပါ။ ဟွာဝေးဝန်ထမ်းတွေဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က အစိတ်အပိုင်း အသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ အဖွဲ့ဝင်တွေနဲ့အတူ မှတ်ဉာဏ်တုနည်းပညာကနေ ရေဒီယိုဆက်သွယ်ရေးအထိ စီမံကိန်းတွေမှာ အတူပါဝင် ဆောင်ရွက်ခဲ့တယ်လို့ ဘလွန်းဘာ့ဂ်က ပြောပါတယ်။ စုန့်ကတော့ ဟွာဝေးဟာ ရည်ညွှန်းထားတဲ့ ပူးပေါင်းလုပ်ဆောင်ချက်တွေကို မသိဘူးလို့ ပြောပါတယ်။ ဟွာဝေးရဲ့ routers, switches နဲ့ တခြားပစ္စည်းတွေဟာ အမေရိကန် ဆက်သွယ်ရေးအပေါ် တရုတ်က သူလျှိုလုပ်ခွင့် ပြုနိုင်တယ်လို့ အမေရိကန်က စွပ်စွဲအပြီး တနှစ်ကျော်ကြာအောင် စေ့စေ့စပ်စပ် အစစ်ခံနေရပါတယ်။ သူ့ကုန်စည်တွေက လုံခြုံရေး ခြိမ်းခြောက်နေတယ်ဆိုတဲ့ စွဲချက်ကို ဟွာဝေးက ငြင်းပါတယ်။ ဟွာဝေးဟာ အမေရိကန်အခြေစိုက် ဗီရိုင်းဇုန်နဲ့ မူပိုင်ခွင့်အရေး ဆွေးနွေးနေကျဖြစ်ပြီး ဒါမျိုး ညှိနှိုင်းမှုတွေကို နိုင်ငံရေးအရ အသုံးမချသင့်ဘူးလို့ စုန့်က ပြောခဲ့ပါတယ်။
2 years Ago

August 14, 2018

ဂိုဘီကန္တာရ သဲမုန်တိုင်းကြား တရုတ်စစ်သည်များ ပစ်ခတ်တိုက်ခိုက်ရေး လေ့ကျင့်

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ရဲ့ အမှတ် ၇၃ တပ်မဟာ လက်အောက်ခံတပ်ဖွဲ့က စစ်သည်တွေဟာ သြဂုတ် ၁၃ ရက်နေ့က နိုင်ငံအနောက်မြောက်ပိုင်း ဂိုဘီကန္တာရထဲက သဲမုန်တိုင်းတွေကြားမှာ ပစ်ခတ်တိုက်ခိုက်ရေး လေ့ကျင့်ကြပါတယ်။ ညနေလေးနာရီမှာ ဂိုဘီကန္တာရတလွှား သဲမုန်တိုင်းက တနာရီကျော်ကြာ တိုက်ခတ်ခဲ့ပါတယ်။ စစ်ရေးလေ့ကျင့်မှု စကတည်းက စစ်သည်တွေဟာ သဲမုန်တိုင်း ဆယ်ကြိမ်ကျော် ကြုံတွေ့ခဲ့ရပြီး ၂ ရက်အတွင်း ၃ ကြိမ် သဲမုန်တိုင်းဒဏ် ခံခဲ့ရတာပါ။ ဒါကြောင့် စစ်သည်တိုင်းရဲ့ ဆံပင်တွေ၊ နားတွေနဲ့ ပါးစပ်တွေထဲ သဲတွေဝင်ကုန်ပါတယ်။ ဆိုးရွားတဲ့ ပတ်ဝန်းကျင်မှာ စစ်သည်တွေဟာ နောက်ထပ် သဲမုန်တိုင်းမလာခင် အချိန်နဲ့အမျှ တိုက်ခိုက်ရေး လေ့ကျင့်နေခဲ့ပါတယ်။ မတူခြားနားတဲ့ အမြောက်တွေကို သုံးပြီး ဂိုဘီကန္တာရ အလယ်မှာ တိုက်ပွဲပုံစံကို ချက်ချင်း ဖော်ဆောင် လေ့ကျင့်နေတာပါ။ "ပြင်းထန်ပြီး ပြောင်းလဲလွယ်တဲ့ သဘာဝ ပတ်ဝန်းကျင်မှာ တပ်ဖွဲ့ရဲ့ အရေးပေါ် တုံ့ပြန်နိုင်စွမ်းကို လေ့ကျင့်ဖို့ ကန္တာရထဲက ကီလိုမီတာ ၃၀၀၀ ကျော်ရဲ့ လုံခြုံရေးကို ထိန်းထားတယ်၊ ဒါဟာ စစ်သည်တွေရဲ့ အားကောင်းတဲ့ စိတ်ဆန္ဒကို တည်ဆောက်ဖို့၊ တိုက်ပွဲပုံစံ လေ့ကျင့်မှု တိကျဖို့ ကူညီတယ်" လို့ တပ်မဟာရဲ့ စစ်ဦးစီးမှူး လင်ယိလိုင်က ပြောပါတယ်။ ဂိုဘီကန္တာရဟာ အာရှဒေသတွင်း စတုရန်းကီလိုမီတာ ၁ ဒသမ ၃ သန်းကျယ်တဲ့ ကန္တာရပါ။ အစွန်းရောက် အခြေအနေအောက်မှာ စစ်ရေးလေ့ကျင့်ဖို့ သင့်တော်တဲ့နေရာလို့ တရုတ်အစိုးရ မီဒီယာ စီစီတီဗွီက ဖော်ပြထားပါတယ်။
3 years Ago
Up