တရုတ်ခရီးသွားများ

January 14, 2018

တရုတ်ခရီးသွားများ တင်ဆောင်လာသည့် ထိုင်းစက်လှေ ပေါက်ကွဲ၊ ၁၆ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ ဖီးဖီးကျွန်းမှာ ဇန်နဝါရီ ၁၄ ရက်နေ့က တရုတ်ခရီးသွားဧည့်သည် ၂၆ ဦးကို တင်ဆောင်လာတဲ့ စက်တပ်လှေ ပေါက်ကွဲပြီး လူ ၁၆ ဦး ဒဏ်ရာ ရသွားတယ်လို့ သိရပါတယ်။ ကင်းပိုစီဒန်း ၉၅၉ လို့ အမည်ရတဲ့ စက်တပ်လှေက၊ ကလေး ၃ ဦးအပါအဝင် တရုတ်ခရီးသွားဧည့်သည် ၂၆ ဦးကို ဇန်နဝါရီ ၁၄ ရက်နေ့ မနက်မှာ၊ ဖူးကက်ခရိုင်မှာရှိတဲ့ ရာစာဒါဘောတံတားကနေ ဖီးဖီးကျွန်းတွေကိုသွားဖို့ တင်ဆောင်ခဲ့တာပါ။ ထိုင်းလူမျိုးတွေဖြစ်တဲ့ လှေမောင်းကပ္ပတိန်တဦးနဲ့ လှေဝန်ထမ်း ၄ ဦးလည်း လှေပေါ်မှာ ပါလာတယ်လို့ သိရပါတယ်။ ဗီကင်းဂူကို လှေဖြတ်ချိန် ဆီယိုနေတာကို သတိထားမိပြီး လှေကပ္ပတိန်က ဝန်ထမ်းတဦးကို လှေစတီယာတိုင် ကိုင်ခိုင်းကာ လှေရဲ့စက်တွေကို သွားစစ်ဆေးခဲ့တယ်၊ အင်ဂျင်စက် သုံးလုံးထဲက တစ်လုံးရဲ့ အဖုံးကို လှေကပ္ပတိန် ဖွင့်လိုက်ချိန် ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်မှု မြန်မြန်ဖြစ်သွားကာ လှေကို ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ကြတယ်လို့ သိရပါတယ်။ လူ ၁၆ ဦး ဒဏ်ရာရတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပြီး သူတို့ထဲက လှေမောင်း ကပ္ပတိန်အပါအဝင် လူ ၅ ဦး ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာတွေ ရသွားတယ်လို့ ဆိုပါတယ်။ အခင်းဖြစ်မှုက နေ့လယ်လောက်မှာ ဖြစ်သွားပြီး ပျက်စီးတဲ့လှေကို ပြန်ပြင်ဖို့နဲ့ ဘာကြောင့် ပေါက်ကွဲမှုဖြစ်တယ်ဆိုတာ သိရဖို့ အာဏာပိုင်တွေအနေနဲ့ အချိန်တပတ်လောက် ယူရမယ်လို့ ဒေသခံ သဘာဘေးအန္တရာယ် ကယ်ဆယ်ရေး အာဏာပိုင်တဦးက ပြောပါတယ်။ ဒဏ်ရာရသူတွေကို ဖူးခက်နဲ့ ကရက်ဘီက ဆေးရုံတွေကို ပို့ဆောင်လိုက်တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up