တရုတ်ကလေးစစ်သားများဖြင့် သူ့နိုင်ငံ ပြန်တိုက်ခိုက်ခိုင်းမည်ဟု အိုင်အက်စ် ခြိမ်းခြောက် (ရုပ်သံ)

March 2, 2017

တရုတ်ကလေးစစ်သားများဖြင့် သူ့နိုင်ငံ ပြန်တိုက်ခိုက်ခိုင်းမည်ဟု အိုင်အက်စ် ခြိမ်းခြောက် (ရုပ်သံ)

အိုင်အက်စ်အနေနဲ့ တရုတ်ကလေးစစ်သားတွေ အသုံးပြုပြီး သူ့နိုင်ငံကို ပြန်တိုက်ခိုက်ခိုင်းမယ်လို့ တရုတ်နိုင်ငံကို ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံမှ လူနည်းစုမွတ်စလင်တိုက်ခိုက်ရေးသမားတွေ ပါဝင်တဲ့ တိုက်ခိုက်ရေး လေ့ကျင့်ဗွီဒီယိုဖိုင်ကို ထုတ်လွှင့်ခဲ့အပြီးမှာ ခုလို ပြောလိုက်တာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အီရတ်တိုက်ခိုက်ရေးဆိုင်ရာ ရုပ်သံလိုင်းတခုကနေ ထုတ်လွှင့်ခဲ့တာ ဖြစ်ပြီး အမျိုးသားတွေ လူကြီးတွေနဲ့အတူ ကလေးစစ်သားတွေပါ ပါဝင်နေခဲ့တာကို တွေ့ရပါတယ်။ အချိန်ကိုက် လှုပ်ရှားမှုတွေထဲမှာ ကလေးစစ်သားတွေဟာ ရိုင်ဖယ်သေနတ်တွေနဲ့ လေ့ကျင့်မှုတွေအပြင် ဂျူဒိုကရာတေးကစားကွက်တွေနဲ့ပါ သရုပ်ပြခဲ့ကြတာပါ။ အချိန်မိနစ် ၃၀ ကြာမြင့်တဲ့ ဒီရုပ်သံဗွီဒီယိုကလစ်ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ထုတ်လွှင့်ခဲ့ပြီး ဒါဟာ အီရတ်နဲ့ အရှေ့အလယ်ပိုင်းဒေသအခြေစိုက် တရုတ်နိုင်ငံသား အကြမ်းဖက်သမားတွေရဲ့ နေ့စဉ် နေထိုင်မှုဘဝတွေကို ပြသနေတာ ဖြစ်ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ရက်စက်တဲ့ သုတ်သင်သတ်ဖြတ်မှုတွေလည်း ပါဝင်ပြီး မသတ်ခင်မှာ အတိုက်အခံတဦးက ကင်မရာဘက်ကိုလှည့်ကာ “လူတွေရဲ့ ဘာသာစကားကို နားမလည်တဲ့ မင်းတို့ တရုတ်တွေကို ငါတို့ ကာလီဖိတ်စစ်သားတွေလာပြီး လက်နက်တွေရဲ့ ဘာသာစကားကို သင်ပေးရမှာပေါ့။ ဆန့်ကျင်သူတွေကို သွေးချောင်းစီး လက်စားချေမယ်”လို့ ပြောခဲ့တာကို တွေ့ရပါတယ်။ တရုတ်နိုင်ငံဟာ အရင်က လူနည်းစု ဝီဂါတွေကို နိုင်ငံတွင်း ဆိုးဝါးတဲ့ တိုက်ခိုက်မှုတွေအတွက် ပြစ်တင်ခဲ့ဖူးပြီး ဝီဂါအဖွဲ့အစည်းတွေဟာ တရုတ်အစိုးရကို ပစ်မှတ်ထားနေတယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဆိုးဝါးရက်စက်တဲ့ သုတ်သင်သတ်ဖြတ်မှုတွေထဲက ကြည့်ရှုဖို့ မသင့်တော်တဲ့ အပိုင်းတွေကို ဖျက်ထားခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up